တိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့တစ်မိုင်ကုန်းစစ်ဆေးရေးဂိတ်ဘက်မှ ညအချိန် သေနတ်သံများ ထွက်ပေါ်

By MPM 28 မတ်, 2023 👁

စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့၊ တစ်မိုင်ကုန်းစစ်ဆေးရေးဂိတ်ဘက်မှ ညအချိန် သေနတ်အဆက်မပြတ် ပစ်ခတ်သံများ ထွက်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါနေရာတွင် မတ်လ ၂၇ ရက် ည ၈ နာရီခွဲမှစ၍ ၈ နာရီ ၅၀ မိနစ်ခန့်အထိ စက်သေနတ်များဖြင့် အဆက်မပြတ်ပစ်ခတ်သံများ ကြားခဲ့ရကြောင်း အမ်းဒေသခံများက ပြောသည်။

အမ်းဒေသခံတစ်ဦးက “ စက်သေနတ်သံတွေ အသံမျိုးစုံကြားရတယ်။ ပစ်တာက နှစ်ဖက်ပစ်တာလား။ ဒါမှမဟုတ် ဘယ်နေရာတွေကို လှမ်းပစ် နေတာလဲဆိုတာတော့ ကျွန်တော်တို့လည်းမသိပါဘူး” ဟု ပြောသည်။

အဆိုပါတစ်မိုင်ကုန်း စစ်ဆေးရေးဂိတ်တွင် ခမရ ၃၇၁၊ ခမရ ၃၇၂၊ ခမရ ၃၇၃ တပ်ရင်းများ နေရာယူထားပြီး ယင်းတစ်မိုင်ကုန်းစစ်ဆေးရေးဂိတ်နှင့် သိပ်မဝေးသည့် တောင်ကုန်းတွင် တပ်ပေါင်းစုစစ်ဆေးရေးဂိတ် တစ်ခုလည်းရှိကြောင်း အမ်းမြို့မှ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

“ အဲဒီတစ်မိုင်ကုန်းဂိတ်နဲ့ အနောက်ပိုင်းစစ်ဌာနချုပ်နဲ့က အမ်းချောင်းတစ်ခုပဲ ခြားတယ်။ ဂိတ်ရဲ့နောက်ဘက်မှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတယ်” ဟု ပြောသည်။

ယနေ့ညပိုင်းတွင် ရုတ်တရက် သေနတ်ပစ်ခတ်သံများ အဆက်မပြတ် ထွက်ပေါ်လာခြင်းကြောင့် စိုးရိမ်မှုများရှိနေကြောင်း ဒေသခံများက ပြောသည်။

ယနေ့မတ်လ ၂၇ ရက်နေ့မှာ (၇၈) နှစ်မြောက်တပ်မတော်နေ့ဖြစ်သည့်အတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က သေနတ်ပစ်ဖောက်ခြင်းလည်းဖြစ်နိုင်ဟု တချို့က ပြောသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။