တိုက်ပွဲများကြောင့် မြဝတီဒေသခံ ထောင်ချီ စစ်ဘေးရှောင်နေရပြီး အကူအညီများလိုအပ်

By MPM 17 ဖေ‌ဖော်ဝါရီ, 2026 👁 4

တိုက်ပွဲများ ပြင်းထန်ဖြစ်ပွားနေသည့် မြဝတီတောင်ဘက်၊ ဖလူး၊ မင်းလက်ပံရွာများမှ ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရပြီး အကူအညီများ လိုအပ်နေကြောင်း စစ်ဘေးရှောင်အကူအညီပေးနေသူများက ပြောသည်။

ဝေါလေဗျူဟာကုန်းအပါအဝင် ဖလူး၊ မင်းလက်ပံ လမ်းကြောင်းတကြော၌ စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များအကြား ယနေ့ (ဖေဖော်ဝါရီလ ၁၅ ရက်) အထိ တိုက်ပွဲများ ပြင်းထန်ဖြစ်ပွားလျက်ရှိသည်။

“မနက်ကအထိ ပစ်တယ်။ အခုလည်း ပစ်နေတာပဲ။ ဘုရားကုန်းနားမှာ ဖြစ်နေတယ်။ မင်းလက်ပံရွာထဲထိတော့ စစ်တပ်က မရောက်သေးဘူး။ ဒါပေမယ့် သူတို့ (စစ်ကော်မရှင်တပ်) မင်းလက်ပံတို့ ဖလူးတို့ကို သိမ်းမယ်လို့ပြောတော့ တိုက်ပွဲက ရက်ရှည်ဦးမယ်” ဟု မင်းလက်ပံ ဘုရားကုန်းကျောင်းမှ ဆရာတော်က နေ့လယ် ၁ နာရီခန့်က မဇ္ဈိမကိုပြောသည်။​

ထိုတိုက်ပွဲများကြောင့် ဖလူး၊ မင်းလက်ပံ ကျေးရွာများမှ ဒေသခံပြည်သူထောင်နှင့်ချီ အမိုးပြာစစ်ရှောင်စခန်းသို့လည်းကောင်း၊ ထိုင်းနယ်စပ် မယ့်ကိုကင်းဘက်သို့လည်းကောင်း ပြောင်းရွှေ့စစ်ဘေးရှောင်နေကြပြီး လူဦးရေများသည့်အတွက် အကူအညီများလိုအပ်နေကြောင်း သိရသည်။

“ဒီဘက်ကမ်းမှာ လာနေရတာဆိုတော့ နေရေး၊ စားရေး ခက်ခဲနေကြတယ်။ ဆန်တို့ ဘာတို့ကျတေ့ ကူညီပေးကြပေမယ့် အကူအညီတွေတော့ တော်တော်လိုနေတယ်။ လူဦးရေလည်း များတယ်။ မင်းလက်ပံရွာဦးကျောင်းက သံဃာတွေလည်း ဒီဘက်ကမ်းကို ရောက်နေကြပြီ” ဟု စစ်ဘေးရှောင်အကူအညီပေးသူတဦးက ပြောသည်။

တိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိသကဲ့သို့ စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းဖြင့်ဗုံးကြဲမှုနှင့် လက်နက်ကြီးတို့ကြောင့် အရပ်သား ထိခိုက်မှုများလည်း ရှိနေသည်။

ဖလူးနှင့် မင်းလက်ပံတွင် ကျားဖြန့်လုပ်ငန်းဝင်း သုံးခုထက်မနည်းလည်းရှိနေရာ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်နေ့က တိုက်ပွဲအတွင်း ပစ်ခတ်သည့် လက်နက်ကြီးတလုံး ကျရောက်ပေါက်ကွဲပြီး ဖလူး အုတ်ဖိုကျားဖြန့်ဆိုက်မှ မြန်မာနိုင်ငံသား ကျားဖြန့်လုပ်သား အမျိုးသမီးတဦး သေဆုံးခဲ့သည်။

မြန်မာပြည်ဘက်ခြမ်း၌ ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကျရောက်ပေါက်ကွဲမှုများလည်း မကြာခဏရှိသဖြင့် ထိုင်းနယ်စပ်တလျှောက်တွင်လည်း ထိုင်းအာဏာပိုင်များက နေ့စဉ် စောင့်ကြပ်လျက်ရှိသည်။

မဇ္ဈိမ