တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင်က ဒေသခံများ ယနေ့အချိန်ထိ နေရပ်မပြန်ရဲကြသေးဘူးလို့ ထွက်ပြေးတိမ်းရှောင်နေရသူတွေက ပြောဆိုသည်။
ခလယ်-တံခွန်တိုင် ဒေသအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့ အကြား ဇူလိုင်လ ၁၄ ရက်နေ့က စတင်ခဲ့သည့် တိုက်ပွဲများကြောင့် ခလယ်-တံခွန်တိုင်ဒေသရှိ နောင်ဒေ့၊ ပုလိန်၊ ခလယ်၊ တံခွန်တိုင် အစရှိသည့် ကျေးရွာတို့မှ ဒေသခံများ ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရသည်။
နောင်ဒေ့ ဒေသခံတစ်ဦးက “ ပစ်ခတ်တာက ရွာနဲ့တော့ သိပ်မဝေးဘူး ရွာအတွင်းတော့ မဟုတ်ဘူး၊ လေယာဉ်ပျံပါ ပါလာမှာကို စိုးရိမ်ပြီး ပစ်ခတ်ဖြစ်ပြီး အခြေအနေ ကြည့်ပြီးတော့မှ ရွာကနေ ထွက်လာလိုက်တယ်။ ရွာမှာက ကျန်တဲ့သူ သိပ်မရှိဘူးÓ ဟု ပြောဆိုသည်။
လက်ရှိတွင်လည်း မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာ အခြေစိုက် စစ်ကောင်စီအမြှောက်တပ် (၃၁၈) မှ ခလယ်- တံခွန်တိုင်ဘက်သို့ လက်နက်ကြီးများဖြင့် နေ့စဉ်လိုလို ပစ်ခတ်နေတာကြောင့် ဒေသတွင်းတိုက်ပွဲ ထပ်မံ ဖြစ်ပွားလာမည်ကို စိုးရိမ်သည့်အတွက် ထွက်ပြေးတိမ်းရှောင်နေရသူများသည် နေရပ်မပြန်ရဲ ဖြစ်နေကြသည်ဟု ပြောသည်။
“အခု ပစ်ခတ်မှုတွေ မရှိတော့ဘူးလို့ ကြားပေမယ့် မပြန်ရဲသေးဘူး၊ ရွာမှာက ဖုန်းလိုင်းသိပ်မမိဘူးဆိုတော့ ဆက်သွယ်လို့ မရဘူး။ ဟိုကနေ ပြန်ဆက်သွယ်လာမှ အခြေအနေသိပြီးမှ ပြန်ရဲမှာÓ ဟု မုဒုံသို့ ထွက်ပြေး တိမ်းရှောင်လာသူတစ်ဦးက ပြောသည်။
တိမ်းရှောင်သူအများစုသည် မုဒုံမြို့ဘက်သို့ တိမ်းရှောင်နေကြပြီး တချို့က နီးစပ်ရာ ကျေးရွာများသို့ တိမ်းရှောင် နေကြသူလည်းရှိသည်ဟု စစ်ရှောင်ဒေသခံတို့ထံမှ သိရသည်။
ဇွန်လအတွင်းက အဘစ်ကျေးရွာအခြေစိုက် စစ်ကောင်စီ အမြှောက်တပ် (၃၁၈) မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ကျေးရွာအနီးဝန်းကျင်တွင် ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ပုလိန်၊ ခလယ်၊ တံခွန်တိုင်နှင့် နန်းသိုင်းထွန် ကျေးရွာတို့မှ ဒေသခံ ၁၅၀၀ ဝန်းကျင်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရှိရသည်။
IMNA ပေးပို့သည်။