တအာင်းစာပါ ရွာနှင့်ရွာလမ်းညွှန်ပါ ဆိုင်းဘုတ်များ စစ်ကောင်စီ ဖျက်ဆီး

By MPM 13 ဇွန်, 2023 👁

သျှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်ရှိ ဒေသခံများမှ ကိုယ်ထူကိုယ်ထလုပ်ထားသည့် တအာင်းစာပါ ရွာဆိုင်းဘုတ်များ၊ ရွာလမ်းညွှန် ဆိုင်းဘုတ်များကို စစ်ကောင်စီက စစ်အင်အားဖြင့် လာရောက်ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇွန်လ ၉ ရက်က လားရှိုးမြို့နယ်ရှိ နောင်ယွမ်းကျေးရွာ၊ ကောင်းခါးကျေးရွာ၊ တောင့်တလောင်ကျေးရွာနှင့် ဟိုပိတ်ကျေးရွာ အုပ်စုရှိ ရွာသစ်ကျေးရွာတို့မှ တအာင်းစာပါ ရွာအဝင် ဆိုင်းဘုတ်များ၊ ရွာလမ်းညွှန်များကို စစ်ကောင်စီက လာရောက်ဖျက်စီးခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“လက်နက်အားကိုးနဲ့ တစ်ဖက်သတ် အနိုင်ကျင့်နေတာ။ ကိုယ့်နေရာ ကိုယ့်ဒေသအတွက် ရေးတဲ့ ဆိုင်းဘုတ်၊ ရွာလမ်းညွှန်တွေကို ကိုယ့်တအာင်းစာနဲ့ ရေးတာ သူတို့က လာဖျက်စီးနေတာ။ လားရှိုးမြို့နယ်ထဲမှာတင် ရွာ ၅ ရွာက ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတယ်။ အသစ်တွေ လုပ်ထားတာတွေချည်းပဲ” ဟု ဖြစ်စဉ်ကို သိရှိသည့် တအာင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

တအာင်းစာပါသည့် ဆိုင်းဘုတ်များ၊ ရွာလမ်းညွှန် ဆိုင်းဘုတ်များကို စစ်ကောင်စီတပ်ဖွဲ့က ကား နှစ်စီးဖြင့် လူအင်အား၊ စစ်အင်အားဖြင့် အတူ တူရွင်း၊ သံချောင်းနှင့် တခြား လက်နက်ပစ္စည်းများ အသုံးပြု ဖျက်ဆီးခြင်း ဖြစ်ကြောင်း သိရသည်။


ပုံစာ – ဖျက်ဆီးခံထားရသည့် တအာင်းစာပါ ရွာအဝင်ဆိုင်းဘုတ်တခု

ထို့အပြင် တောင်နောင်ကျေးရွာမှ ဆောက်ပြီးလက်စ ရွာအဝင်ဆိုင်းဘုတ်ကို ဘူဒိုဇာကားဖြင့် စစ်ကောင်စီတပ်ဖွဲ့ လာရောက်ဖြိုခွဲကြောင်း ဒေသခံများက ဆက်ပြောသည်။

ဖြိုဖျက်ခံရသည့် တအာင်းစာပါ ရွာအဝင်ဆိုင်းဘုတ်များသည် လောလောလတ်လတ် အသစ်စက်စက် ဆောက်လုပ်ပြီးစီးသည့် ဆိုင်းဘုတ်များဖြစ်ပြီး တစ်ခုလျှင် ကုန်ကျစရိတ် ကျပ်သိန်း ၂၀ နီးပါးရှိကြောင်း ဒေသခံများက ပြောသည်။

“ကျနော်တို့ ရွာသားတွေ တစ်အိမ်နည်းနည်းစီ စုပြီး ဆောက်လုပ်ထားတာတွေပါ။ အခုလို ဖျက်ဆီးခံရတော့ စိတ်မကောင်းဘူးပေါ့၊ ရွာအဝင်ဆိုင်းဘုတ်တွေ၊ လမ်းညွှန်တွေကို ပြန်ဆောက်ပေးစေချင်ပါတယ်၊ သူတို့ပိုက်ဆံနဲ့ သူတို့ လုပ်ပေးပြီး သူတို့စာ ရေးလည်း ရတယ်၊ အဓိက ကတော့ ဆိုင်းဘုတ်တွေ ပြန်ဆောက်ပေးစေချင်တယ်” ဟု အထက်ပါ အမျိုးသားက ဆိုသည်။

စစ်ကောင်စီ တပ်ဖွဲ့သည် ရွာဆိုင်းဘုတ်များကို ဖျက်ဆီးသည့်အပြင် ရွာလူကြီးများကိုပါ စခန်းသို့ခေါ်သွားပြီး ခံဝန်လက်မှတ် ရေးထိုးခိုင်းကြောင်းလည်း ဒေသခံများက ပြောသည်။

“စစ်ယူနီဖောင်းနဲ့ လက်နက်နဲ့ ရွာလူကြီးကို ခေါ်ပြီးတော့ ခံဝန်လက်မှတ် ရေးထိုးထားတယ်။ နောက်ခါဆိုရင် တအာင်းစာ နဲ့ ဆိုင်းဘုတ်တွေ၊ ရွာလမ်းညွှန်တွေကို မမြင်ချင်ဘူးတဲ့၊ ရေးချင်ရင် သူတို့စာ (မြန်မာစာ) နဲ့ပဲ ရေးရမယ်တဲ့၊ ရွာလူကြီးတွေ အားလုံးနီးပါး ခံဝန်ထိုးထားရတယ်” ဟု အသက် ၃၀ ကျော် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရွာအဝင်ဆိုင်းဘုတ်နှင့် လမ်းညွှန်ဆိုင်းဘုတ်ပါ စာတန်းများအားလုံးကို မြန်မာစာဖြင့်သာ ရေးသားရမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်းလည်း ဒေသခံများက ပြောဆိုသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။