တရုတ်စီစဉ်မှုဖြင့် UWSA ထိန်းချုပ်သည့် ပန်ဆန်းမြို့သို့ စစ်ကောင်စီကိုယ်စားလှယ် သွားရောက်ရန်ရှိ

By MPM 7 ဧပြီ, 2025 👁

သျှမ်းပြည် ‘ဝ’ ဒေသအတွင်း UWSA ထိန်းချုပ်သည့် ပန်ဆန်းမြို့သို့ တရုတ်နိုင်ငံစီစဉ်ပေးမှုဖြင့် စစ်ကောင်စီကိုယ်စားလှယ်များ သင်္ကြန်မတိုင်မီ သွားရောက်တွေ့ဆုံရန်ရှိနေကြောင်း မြေပြင်သတင်းရင်းမြစ်တို့ထံက စုံစမ်းသိရသည်။

ဧပြီ ၁၃ ရက်နေ့တွင် စတင်မည့် သင်္ကြန်ပွဲတော်ကာလမတိုင်မီ UWSA ထိန်းချုပ်သည့် ‘ဝ’ ဒေသ ပန်ဆန်းမြို့သို့ တရုတ်အာဏာပိုင်များ၏ စီစဉ်ပေးမှုဖြင့် စစ်ကောင်စီကိုယ်စားလှယ်များ သွားရောက်ဆွေးနွေးရန် ရှိနေသည်ဟု ဝါရင့်တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

“သင်္ကြန်မတိုင်ခင် တရုတ်ရဲ့စီစဉ်ပေးမှုနဲ့ စစ်ကောင်စီကိုယ်စားလှယ်တွေ ပန်ဆန်းသွားဖို့ရှိတယ်။ ‘ဝ’ တဖွဲ့တည်းနဲ့ တွေ့မလား၊ FPNCC ထဲက ၇ ဖွဲ့စလုံးနဲ့ တွေ့မလား အသေးစိတ်မသိရဘူး။ စကစဘက်က ကိုယ်စားလှယ် ဘယ်သူ့ကို လွှတ်မလဲဆိုတာလည်း မသိရဘူး” ဟု အဆိုပါ ဝါရင့်တော်လှန်ရေးရဲဘော်က ပြောသည်။

လတ်တလော၌ လားရှိုးမြို့မှ ကိုးကန့်တပ်ဖွဲ့ MNDAA တပ်ဆုတ်ခွာရန်ပြင်ဆင်နေစဉ် တရုတ်၏ စီစဉ်ပေးမှုဖြင့် စစ်ကောင်စီကိုယ်စားလှယ်များ UWSA ထိန်းချုပ်သည့် ပန်ဆန်းမြို့သို့သွားရောက်မည့် ခရီးစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

အလားတူ လာမည့် ဧပြီလ ၂၂ ရက်တွင် တရုတ်၏စီစဉ်ပေးမှုဖြင့် စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့သည် တရုတ်နိုင်ငံကူမင်းမြို့၌ ထပ်မံတွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်ကြောင်း အဆိုပါ ဝါရင့်တော်လှန်ရေးရဲဘော်က ဆက်ပြောသည်။

လက်ရှိတွင် တရုတ်၏ဖိအားပေးမှုကြောင့် လားရှိုးမြို့ပေါ်မှ ကိုးကန့်တပ်ဖွဲ့ MNDAA တပ်ဆုတ်ခွာရန် ပြင်ဆင်နေပြီး သင်္ကြန်အပြီး မြန်မာနှစ်ဆန်း (၁) ရက်နေ့ဖြစ်သည့် ဧပြီလ ၁၇ ရက်နေ့အထိ အချိန်ပေးထားသည်ဟု ဒေသခံများက ပြောဆိုနေကြသည်။

လားရှိုးမြို့ပေါ်မှ ကိုးကန့်တပ်ဖွဲ့ MNDAA ဆုတ်ခွာသွားပါက စစ်ကောင်စီတပ်နှင့်အတူ ‘ဝ’ တပ်ဖွဲ့ UWSA လည်း ထပ်မံဝင်ရောက်လာပြီး ကျန်းမာရေးကဲ့သို့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်သွားမည်ဟု ပြောဆိုချက်များနှင့်ပတ်သက်၍လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးဘဲ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့်နှစ် ၂၀၂၄ ဇူလိုင်လ ၂၇ ရက်နေ့မှစတင်ပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ရမခ အခြေစိုက်ရာ လားရှိုးမြို့ရှိ ‘ဝ’ ပြင်ပဆက်ဆံရေးရုံးနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန်ဟုဆိုကာ ‘ဝ’ တပ်ဖွဲ့ UWSA လားရှိုးမြို့ပေါ်သို့ ပထမဆုံးဝင်ရောက်တပ်စွဲခဲ့ပြီး တန့်ယန်းမြို့တွင်လည်း အလားတူ ဝင်ရောက်နေရာယူထားသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။