တမူး – ပကဖရဲဘော် ၁၀ ဦး အသတ်ခံရမှု၊ အမှုမှန်မပေါ်ပေါက်မည်ကို မိသားစုများစိုးရိမ်နေ

By MPM 27 မေ, 2025 👁

တမူး ပကဖ – ရဲဘော် ၁၀ ဦး အသတ်ခံရမှုနှင့်ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေး​ဆောင်ရွက်​ပေးရန် ၎င်းတို့၏ မိသားစုဝင်များနှင့် ဒေသခံများက မေလ ၂၆ ရက်နေ့တွင် ဆန္ဒထုတ်​ဖော်တောင်းဆိုခဲ့ကြသည်။

စစ်ကိုင်းတိုင်း၊ တမူးခရိုင်ထဲမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တမူး-ပကဖ) မှ ရဲဘော် ၁၀ ဦး အသတ်ခံလိုက်ရသည့် ကိစ္စနှင့်ပတ်သက်၍ မိသားစုဝင်များနှင့် ဒေသခံများက အသတ်ခံလိုက်ရသည့်ရဲဘော်များ၏ ဓါတ်ပုံများကို ကိုင်ဆောင်၍ အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက်ပေးရန် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

မိသားစုနှင့် နီးစပ်သူတစ်ဦးက “အဓိကက အမှုမှန်ပေါ်ပေါက်အောင်လုပ်ပေးဖို့ပါ။ အခုက လူ ၁၀ ယောက် အသတ်ခံလိုက်ရတာကို ဒီအတိုင်း ထိုင်စောင့်နေရတာမျိုးဖြစ်နေတယ်။ NUG က ထုတ်ပြန်ထားတာလည်း တွေ့ပါတယ်။ ကျနော်တို့ဒေသထဲကလူကြီးတွေလည်း အားလုံးပေါ့နော်၊ ဒီထက်ပိုပြီး အလုပ်လုပ်ပေးဖို့ တောင်းဆိုချင်ပါတယ်။ သိပ်မကြာခင် လူတွေက ဒီသတင်းကိုလည်းမေ့သွားကြတော့မှာ။ နောက်တစ်ခေါက် ထပ်ပြီး မဖြစ်လာနိုင်ဘူးလို့လည်း ဘယ်သူမှ အာမမခံနိုင်ဘူးလေ” ဟု ပြောသည်။

မေလ ၁၄ ရက်နေ့ဝန်းကျင်က တမူးမြို့နယ်နှင့် ထိစပ်နေသည့် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်အနီး တနေရာတွင် တမူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်များကို အိန္ဒိယနိုင်ငံ၊ အာသံရိုင်ဖယ်တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ပစ်ခတ်သတ်ဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

သေဆုံး ပကဖရဲဘော်များ၏ အလောင်းများအား မျက်မြင်တွေ့ရှိသူတစ်ဦးက “ဒီလူတွေက တော်လှန်ရေး ရဲဘော်တွေဆိုတာ တံဆိပ်တွေဘာတွေ တွေ့တာနဲ့သိသာနေတာပဲလေ။ အခုက ဒီလိုမျိုး လုံးဝမလုပ်သင့်ဘူး။ သူတို့တော်တော်ရက်စက်တယ်။ ရဲဘော်တွေနှိပ်စက်ခံရပြီး သေတာ ရစရာကိုမရှိဘူး။ ဘယ်သူဘယ်ဝါမှန်းတောင် မသိလောက်အောင် ဒဏ်ရာတွေနဲ့။ ခေါင်းတွေကိုလည်း အရိုက်ထားရတယ်၊ နှိပ်စက်ထားတာ တော်တော်ဆိုးတယ်” ဟု ပြောသည်။

အိန္ဒိယစစ်သားများသည် မြန်မာနယ်နိမိတ်အတွင်းရှိ တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို အိန္ဒိယ နယ်နိမိတ်အတွင်း ဖမ်းခေါ်သွားပြီးနောက် ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု တမူးခရိုင် – ပကဖအဖွဲ့ တာဝန်ရှိသူက သတင်းမီဒီယာများတွင် ဖြေကြားပြောဆိုထားသည်။

အသက် ၁၈ နှစ်မှ ၃၄ နှစ်ကြားရှိ တမူးခရိုင် ရဲဘော် ၁၀ ဦး၏ ခန္ဓာကိုယ်တွင် ဓါးဒဏ်ရာဒဏ်ချက်များအပါအဝင် နှိပ်စက်ညှင်းပမ်းထားသည့်ဒဏ်ရာများ တွေ့ရှိရကြောင်း တမူးခရိုင် ပအဖအဖွဲ့တာဝန်ရှိသူ၏ ပြောပြချက်အရ သိရသည်။

တမူး ပကဖ – ရဲဘော် ၁၀ ဦး အသတ်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ စုံစမ်းအရေးယူပေးရန် အိန္ဒိယအစိုးရကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၂၀ ရက်နေ့တွင် ထုတ်ပြန်တောင်းဆိုထားသည်။

တမူးခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်များသည် ယာယီ စခန်းရွှေ့ပြောင်းခြင်းနှင့်ပတ်သက်၍ သတင်းကြိုပေးထားသည့်ကြားမှ ဖမ်းဆီးသတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု NUG က ဆိုသည်။

အိန္ဒိယအစိုးရအနေဖြင့် အဆိုပါကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးပေးရန်နှင့် အပြစ်ပေးအရေးယူ ဖြေရှင်းပေးရန် NUG၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တောင်းဆိုထားသည်။ သို့သော် ယနေ့အချိန်ထိ အိန္ဒိယဘက်မှ တစုံတရာ တုန့်ပြန်လာခြင်းမျိုး မရှိသေးပေ။

အိန္ဒိယနိုင်ငံ သတင်းဌာနများ၏အဆိုအရ မေလ ၁၄ ရက်နေ့တွင် အိန္ဒိယ – မြန်မာနယ်စပ်၊ မဏိပူရပြည်နယ်၊ ချန်ဒဲလ် (Chandel) ခရိုင်၌ အာသံရိုင်ဖယ်တပ်နှင့် မြန်မာဘက်က လက်နက်ကိုင်အဖွဲ့တို့ကြား ပစ်ခတ်မှုဖြစ်ခဲ့သည်ဟု ဆိုသည်။

ချန်ဒဲလ်ခရိုင်ထဲက နယူးဆမ်တာကျေးရွာအနီး လက်နက်ကိုင်များလှုပ်ရှားနေကြောင်း သတင်းအရ မေလ ၁၄ ရက်နေ့တွင် အာသံရိုင်ဖယ်စစ်တပ်က စစ်ဆင်ရေးလုပ်ရာ လူ ၁၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း အိန္ဒိယစစ်တပ် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာ၌ ဖော်ပြခဲ့သည်။

မြန်မာ – အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ရှိ စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကမ္မကြီးကျေးရွာအနီး ယာယီစခန်းပြောင်းရွှေ့လာသည့် NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ ရဲဘော်များက မေလ ၁၆ ရက်နေ့တွင် အာသံရိုင်ဖယ်အဖွဲ့က ရုပ်အလောင်းများလာယူရန် ပြောဆိုပြီးနောက် သွားထုတ်ယူခဲ့ကြခြင်းဖြစ်သည်။

NMG ပေးပို့သည်။