နေပြည်တော် PDF တပ်ရင်း ၈၀၁ မှ တပ်ဖွဲ့ဝင်ရဲဘော် ၆၄ ဦးက လက်မှတ်ရေးထိုးပြီး နုတ်ထွက်ခွင့် တောင်းဆိုထားသည့်အပေါ် သက်ဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) နှင့် စစ်ဦးစီးအဖွဲ့တို့ဆီကနေ တစုံတရာ တုန့်ပြန်မှုမရှိသေးကြောင်း တပ်ရင်း ၈၀၁ ထံက သိရသည်။
နုတ်ထွက်စာတင်ထားသည့် တပ်ရင်း ၈၀၁ တပ်ခွဲမှူးက “ဒါ ကျနော်တို့အနေအထား၊ ကျနော်တို့ဆန္ဒကို ကျနော်တို့ ထုတ်ဖော်တာပေါ့နော်။ တဖက်ကတော့ တုန့်ပြန်မှုမပေးသေးပါဘူး” ဟု ဧပြီလ ၁၇ ရက်နေ့တွင် ပြောဆိုသည်။
နုတ်ထွက်စာကို တပ်ရင်း ၈၀၁ မှ တပ်ဖွဲ့ဝင် ၆၄ ဦးက လက်မှတ်ရေးထိုးပြီး ဧပြီလ ၁၀ ရက်နေ့တွင် တင်ပြထားသည်ဟု အဆိုပါတပ်ခွဲမှူးက ဆက်ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့က နေပြည်တော် PDF စစ်ထောက်ချုပ်ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်တွင် စစ်ထောက်ချုပ်အပါအဝင် အစ်ကိုဖြစ်သူ စစ်ဦးစီးချုပ်တို့က စစ်ဦးစီးချုပ်၏ လုံခြုံရေးအဖွဲ့ဝင် ရဲဘော်တစ်ဦးနှင့် ထိုးကြိတ်ရန်ဖြစ်ခဲ့သည်ဟု ဆိုသည်။
ထိုးကြိတ်မှုတွင်ပါဝင်သည့် လုံခြုံရေးအဖွဲ့ဝင် ရဲဘော်တစ်ဦး၏ တောင်းဆိုမှုကြောင့် တပ်ရင်း ၈၀၁ တပ်ရင်းမှူးက ကူညီဖြေရှင်းရန်သွားရောက်ချိန် စစ်ဦးစီးချုပ်ဖြစ်သူက ပြန်လည်ဆဲဆိုရန်ဖြစ်ခဲ့သည်ဟု နုတ်ထွက်စာတင်ထားသူ တပ်ရင်း ၈၀၁ တပ်ခွဲမှူးက ပြောပြသည်။
အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီးနောက် ဧပြီလ ၃ ရက်နေ့တွင် စစ်ဦးစီးအဖွဲ့နှင့် ရဲဘော်အင်အား ၁၅၀ က စစ်ဦးစီး၏ ညွန်ကြားချက်ဖြင့် နေပြည်တော် PDF တပ်ရင်း ၈၀၁ ၏ တပ်ရင်းမှူးနှင့် တပ်ရင်းဗိုလ်ကြီးတို့ကို အင်အားသုံး ဖမ်းဆီးခဲ့သည်ဟု ၎င်းက ပြောဆိုသည်။
“အဲဒီနေ့ဖြစ်စဉ်မှာတော့ သူတို့က အင်အားအလုံးအရင်းနဲ့လာတယ်။ စခန်းမှာ တပ်ရင်းမှူးနဲ့ တပ်ရေးဗိုလ်ကြီးနဲ့ ရဲဘော်အချို့ပဲ ကျန်နေတယ်။ အဲ့ချိန်မှာ သူတို့က အကုန်လုံးပတ်ချာလည်ဝိုင်းထားပြီးတာ့ အဲလိုမျိုးဝင်ပြီးတော့ ခေါ်တာပေါ့၊ ခေါ်ပြီးတော့ ရှိသမျှလက်နက်အကုန်လုံး သိမ်းသွားတယ်” ဟု တပ်ရင်း ၈၀၁ တပ်ခွဲမှူးက ပြောသည်။
ယင်းဖြစ်စဉ်နှင့်ပါတ်သက်ပြီး တရားမျှတမှုရရှိရေးအတွက် အမြန်ဆုံးဆောင်ရွက်ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကို ဧပြီလ ၅ ရက်နေ့က စာပေးပို့တောင်းဆိုထားပေမယ့် တစုံတရာ တုန့်ပြန်မှုမရသေးဘူးဟု ၎င်းက ဆိုသည်။
လက်ရှိတွင်လည်း ဧပြီလ ၁၈ ရက်နေ့အထိ တပ်ရင်း ၈၀၁ ၏ တပ်ရင်းမှူးနှင့် တပ်ရင်းဗိုလ်ကြီးကို ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်သည်ဟု ၎င်းက ပြောပါသည်။
အဆိုပါဖြစ်စဉ်နှင့်ပါတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြောခွင့်ရပုဂ္ဂိုလ်ကို ဆက်သွယ်မေးမြန်းထားပေမယ့် ဧပြီလ ၁၇ ရက်နေ့အထိ တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိသေးပေ။
ကန္တာရဝတီတိုင်း (မ်)- ပေးပို့သည်။