တပ်မဟာ ၃ နယ်မြေ နတ်သံကွင်းမြို့အတွင်း စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက် ဒေသခံတစ်သောင်းကျော် ထွက်ပြေးရ

By MPM 6 ဇွန်, 2023 👁

ကေအဲန်ယူ တပ်မဟာ ၃ ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ နတ်သံကွင်းမြို့အတွင်းသို့ ဇွန်လ ၆ ရက် မနက်ပိုင်းက စစ်ကောင်စီကလေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့မှုကြောင့် ဆေးရုံနှင့် လူနေအိမ်တချို့ ထိခိုက်ပျက်စီးပြီး ဒေသခံတစ်သောင်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း မြေပြင်သတင်းအရင်းအမြစ်များမှ သိရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပူးပေါင်းတပ်များ ရေတွင်းကုန်းကြီးကျေးရွာအနီးရှိ စစ်ကောင်စီ တပ်စခန်းနှင့် နတ်သံကွင်းမြို့ ရဲစခန်းအား သိမ်းယူရန် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်များက လေကြောင်းအသုံးပြု၍ နတ်သံကွင်း ရဲစခန်းအနီးအနားသို့ ရမ်းသမ်းဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ယခုလိုထိခိုက် ပျက်စီးမှုများရှိလာသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“မနက် ၄ နာရီမှာ ဒရုန်းက လက်နက်ကြီး တစ်လုံး စပစ်ချတာနဲ့ တိုက်ပွဲ စဖြစ်တာပဲ။ တံတားနားက ရဲစခန်းနဲ့ တပ်စခန်းကို ပစ်တယ်၊ နောက် ၇ နာရီလောက်မှာ လေယာဉ် တစ်စင်းလာဝဲပြီး နောက်တစ်စင်းလာမှ မြို့ထဲကို ဗုံးကြဲချတယ် သေနတ်တွေနဲ့ပစ်တယ်။ ကျောက်ကြီး နဲ့ နတ်သံကွင်းကြားက စစ်တောင်းမြစ်ကို ဖြတ်တဲ့ တံတားလည်း အဖျက်ခံလိုက်ရတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နတ်သံကွင်းမြို့ ရဲစခန်းအနီးရှိ ဆေးရုံနှင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီးခြင်းအပြင် ဒေသခံများ ထိခိုက်ဒဏ်ရာရရှိမှု ရှိသလို ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံ တစ်သောင်းကျော်သည် လက်ရှိတွင် အကူအညီမဲ့နေကြောင်း ဒေသခံများကပြောသည်။

ထို့အတူ KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီဘက်မှ စစ်ကူလာရာ လမ်းကြောင်းတွင်ရှိသော ကျောက်ကြီးမြို့နှင့် နတ်သံကွင်းမြို့ကို ဆက်သွယ်ထားသည့် စစ်တောင်းမြစ်ကူး တံတားအား ပူးပေါင်းတပ်များက မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း ကေအဲန်ယူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ပုံစာ – မိုင်းခွဲဖျက်ဆီးထားသည့် စစ်တောင်းမြစ်ကူးတံတား

“တံတားကို အရင်ချိုးတယ်လို့ ကြားတယ်၊ စစ်ကူမလာနိုင်အောင် ချိုးပြီးမှ ဖြစ်ကြတာ။ တံတားပျက်စီးပေမယ့် ကားပဲသွားမရတာ၊ လူတွေကတော့ သွားလာလို့ ရတယ်။ ခုနတုန်းကတော့ နတ်သံကွင်းရဲစခန်းကို သိမ်းမရသေးဘူးလို့ ကြားတယ်။ နှစ်ဖက်ထိခိုက်ကျဆုံးလည်းရှိတယ်” ဟု ၎င်းက ကေအိုင်စီကို ပြောသည်။

အလားတူ အင်အား ၅၀ ကျော်ခန့် ရှိသော စစ်ကောင်စီတပ်များသည် ဇွန်လ ၅ ရက်က နတ်သံကွင်းမြို့ ရေတွင်းကုန်းကြီးကျေးရွာသို့ ဝင်ရောက်တပ်စွဲနေထိုင်မှုကြောင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်ထိတ်လန့်သဖြင့် ရေတွင်းကုန်းကြီး ရွာလုံးကျွတ် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသလို အနီးအနား ကျေးရွာများရှိ ဒေသခံများလည်း နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။

ကေအိုင်စီ -ပေးပို့သည်