တနင်္သာရီတိုင်းတွင် တစ်တိုင်းလုံးနီးပါး တိုက်ပွဲများ ပြင်းထန်လာနေ

By MPM 11 မေ, 2024 👁

တနင်္သာရီတိုင်း တစ်တိုင်းလုံးနီးပါးတွင် စစ်အာဏာရှင်ပြုတ်ကျရေး နွေဦးတော်လှန်ရေးတိုက်ပွဲများ နေရာအနှံ့ ပြင်းထန်လာပြီး စစ်မျက်နှာ ပိုမိုကျယ်ပြန့်လာသည်ဟု တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များက ပြောဆိုသည်။

မြန်မာနိုင်ငံမြေပုံ၏ အောက်ပိုင်းအစွန်၌ တည်ရှိသည့် တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့် ဧပြီလက စပြီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ပိုပြင်းထန်လာပြီး စခန်းသိမ်းတိုက်ပွဲအထိ ဆင်နွှဲလာနိုင်သည်ဟု ဆိုသည်။

မှတ်တမ်းပြုစုထားသော အချက်အလက်များအရ မြို့နယ်ပေါင်း ၁၀ မြို့နယ်ရှိသည့် တနင်္သာရီတိုင်းတွင် မြိတ်မြို့နယ်နှင့် ကော့သောင်းမြို့နယ်တို့ကလွဲပြီး ကျန်မြို့နယ် ၈ မြို့နယ်လုံး၌ တိုက်ပွဲများ ပြင်းထန်လာခြင်း ဖြစ်သည်ဟု တော်လှန်ရေးအင်အားစုများက ပြောသည်။

တော်လှန်ရေးအင်အားစုများ လှုပ်ရှားမှုအားကောင်းသည့် တနင်္သာရီ၊ ပုလော၊ ကျွန်းစု၊ ဘုတ်ပြင်း၊ ထားဝယ်၊ သရက်ချောင်း၊ လောင်းလုံးနှင့် ရေဖြူမြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်လာပြီး စစ်ကောင်စီ တပ်စခန်း ၇ ခု ထက်မနည်းကို တော်လှန်ရေးအင်အားစုများဘက်က သိမ်းပိုက်ရရှိထားသည်။

ဖက်ဒရယ်စစ်ကြောင်း ဒုစစ်ကြောင်းမှူးကိုမင်းထက်က တော်လှန်ရေးကာလအစပိုင်းတွင် ကွဲပြားနေသော လက်နက်ကိုင်အဖွဲ့အစည်းများကို စုစည်းနိုင်ခဲ့ပြီး အမိန့်စီးဆင်းမှု မြန်ဆန်လာတာကြောင့် စခန်းသိမ်းတိုက်ပွဲများ ဖော်ဆောင်လာနိုင်ခြင်း ဖြစ်သည်ဟု ပြောသည်။

“တော်လှန်ရေးရဲ့ အစောပိုင်းကာလမှာ အဖွဲ့တွေအားလုံး မစုစည်းနိုင်ဘူးပေါ့။ နောက်ပိုင်းကတော့ ကျွန်တော်တို့ အကုန်းလုံးက ဒီ KNLA နဲ့ PDF တွေရော ပေါင်းစည်းပြီးတော့ လုပ်လာနိုင်တယ်။ ပြည်သူ့လူထု ထောက်ခံမှုတွေ ကလည်း တော်လှန်ရေးတပ်တွေဘက်ကို ပိုပြီးတော့ အဓိကတော့ ငွေရေးကြေးရေးကိစ္စတွေပေါ့၊ အများကြီး ထောက်ပံ့တာတွေ ကျွန်တော်တို့ဘက်ကို ပိုလာတယ်။ ပိုလာတဲ့အခါကြ ဒီလက်နက်ခဲယမ်းတွေ ကျွန်တော် တို့အများကြီး ပိုပြီးတော့ စုဆောင်းနိုင်တာပေါ့နော်။ လက်နက်ခဲယမ်း စုဆောင်းနိုင်တာနဲ့အမျှ ကျွန်တော်တို့ စခန်းသိမ်းတိုက်ပွဲတွေ ပိုပြီးတော့လုပ်လာနိုင်တယ် ထင်ပါတယ်” ဟု ဒုစစ်ကြောင်းမှူးကိုမင်းထက်က ဆိုသည်။

တိုက်ပွဲများ ပြင်းထန်လာသည်နှင့်အမျှ စစ်ကောင်စီဘက်ကလည်း တပ်စခန်းများ လက်မလွှတ်ရရေးအတွက် ကြည်း၊ ရေ၊ လေ ခုခံကာကွယ်မှုများ ပြုလုပ်လာသလို အရပ်သားပြည်သူများကို ပစ်မှတ်ထားသည့် လေကြောင်း တိုက်ခိုက်မှုကိုပါ ကျူးလွန်လာသည်ဟု ဒေသတွင်းလေ့လာစောင့်ကြည့်သူများနှင့် ဒေသခံများက ပြောသည်။

မေ ၈ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ်ရှိ ပဲဒက်တပ်စခန်း သိမ်းပိုက်ခံရသည့် စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သည့်အတွက် ကနက်သီရိဒေသခံ ၅ ဦး ထက်မနည်း သေဆုံးပြီး ၁၀ ဦး နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

တိုက်ပွဲများ ပိုမိုပြင်းထန်လာခြင်းနှင့်အတူ ဘုတ်ပြင်း-တနင်္သာရီ ပြည်ထောင်စုလမ်းမကြီး တလျှောက်၌လည်း ကားများပိတ်မိနေတာကြောင့် စီးပွားရေးသမားများ အရှုံးနှင့် ရင်ဆိုင်နေရသည့်အပြင် ခရီးများလည်း တိုက်ပွဲအတွင်း ပိတ်မိတာရှိနေသည်ဟု လောင်းလုံးမြို့ခံတစ်ဦးက ယခုလို ပြောပါသည်။

“တိုက်ပွဲများလာတာနဲ့အမျှ အဲဒီလိုမျိုး ပဋိပက္ခတွေ များလာတာနဲ့အမျှ ဒီဘက်မှာ လူနေမှုဘဝ အကုန်လုံးက နိမ့်ကျလာတယ်။ စီးပွားရေးကစ လူမှုရေးအကုန်လုံးက နိမ့်ကျတယ်၊ အဲ့လိုမျိုးပုံစံ ဖြစ်နေတယ်။ ကားတွေက လည်း အဲဒီဘက်မှာ ပိတ်မိနေတာကြာပြီ” ဟု အဆိုပါလောင်းလုံးမြို့ခံက ပြောသည်။

ဆက်ဘက်ပြီး ၎င်းက “စီးပွားရေးသမားတွေဘက် ကြည့်ရင် ပြီးရင် ခရီးသည်တွေလည်း ဒီဘက်မှာဆိုလို့ရှိရင် ကော့သောင်းဘက်ကနေ တက်လာမယ့်သူတွေဆို လမ်းမှာအခုချိန်ထိ ပိတ်မိနေတုန်းဘဲ အဲဒီလိုမျိုးရှိတယ်။ ပြီးရင်လည်း ပိတ်မိနေရုံတင် မကပါဘူး၊ အခုက အဲဒီဘက်မှာ တော်တော်အခြေအနေက ဆိုးဆိုးရွားရွား ဖြစ်နေတာ ဆိုတော့ လေယာဉ်နဲ့ ဗုံးကြဲမှာကိုလည်း စိတ်ပူနေရသေးတယ်” ဟု ပြောဆိုသည်။

ယင်းအပြင် တနင်္သာရီတိုင်း တိုက်ပွဲများအတွင်း စစ်ရေးပစ်မှတ် မဟုတ်သည့်နေရာများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်သည်နှင့်အမျှ ကျေးရွာဒေသခံများသည်လည်း လေယာဉ်သံ ကြားရတာ လေယာဉ်မြင်တာနှင့် ကြောက်လန့်နေကြပြီး မလုံခြုံသည့် အနေအထား ဖြစ်နေကြကြောင်း အဆိုပါလောင်းလုံးမြို့ခံက ဆက်ပြောသည်။

တဖက်တွင်လည်း တော်လှန်ရေးအင်အားစုများ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုနှင့် စခန်းသိမ်းတိုက်ပွဲများကြောင့် မြို့နယ်တိုင်းတွင် စစ်ဘေးရှောင်ဦးရေ ထောင်နှင့်ချီ ရှိလာနေပြီး စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးလိုအပ်ချက် မြင့်မားလာကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူများက ပြောဆိုသည်။

သုတေသနအဖွဲ့တစ်ခုဖြစ်သည့် FE5 Tanintharyi ၏ အချက်အလက်များအရ တနင်္သာရီတိုင်းတွင် စစ်ရှောင်ပြည်သူ ၅ သောင်း ထက်မနည်း ရှိနေပြီး လက်ရှိတိုက်ပွဲများကြောင့်လည်း စစ်ရှောင်အရေအတွက် ထပ်တိုးလာမယ့် အခြေအနေ ရှိနေသည်ဟု ထုတ်ပြန်ဖော်ပြထားသည်။

သံလွင်တိုင်းမ် ပေးပို့သည်။