ဆိုက်ဘာငွေလိမ်လုပ်ငန်းများ တိုက်ဖျက်ရန် စစ်အုပ်စုကွန်ရက် ဖျက်သိမ်းရမည်ဟု Justice For Myanmar တောင်းဆို

By MPM 6 ဩဂုတ်, 2026 👁 52

မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်လာသည့် ဆိုက်ဘာငွေလိမ်လုပ်ငန်း (Online Scam) များကို အမှန်တကယ် တိုက်ဖျက်နိုင်ရန်အတွက် ယင်းလုပ်ငန်းများ၏ အရင်းခံဖြစ်သည့် စစ်အုပ်စုနှင့် လက်အောက်ခံ လက်နက်ကိုင်အဖွဲ့များ၏ ကွန်ရက်ကို ဖျက်သိမ်းရမည်ဖြစ်ကြောင်း Justice For Myanmar က ထုတ်ပြန်ပြောဆိုလိုက်သည်။

Justice For Myanmar ၏ ယနေ့ (ဩဂုတ် ၆ ရက် )ထုတ်ပြန်ချက်တွင် မြန်မာစစ်အုပ်စုသည် မြန်မာ၊ ထိုင်းနှင့် ကမ္ဘာတဝန်းရှိ ပြည်သူများကို ထိခိုက်နစ်နာစေသည့် ဆိုက်ဘာငွေလိမ်လုပ်ငန်းများ ကြီးထွားလာမှု၏ အဓိကအရင်းခံဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါအဖွဲ့က စစ်အုပ်စုသည် ရာဇဝတ်ကွန်ရက်များ၏ ဗဟိုချက်တွင်ရှိနေပြီး ကရင်နယ်ခြားစောင့်တပ် (BGF) အပါအဝင် လက်အောက်ခံပြည်သူ့စစ်အဖွဲ့များနှင့် ဆက်နွယ်ကာ ဆိုက်ဘာငွေလိမ်လုပ်ငန်းများမှ အကျိုးအမြတ်ရရှိနေကြောင်း စွပ်စွဲထားသည်။

ထိုအကျိုးအမြတ်များသည် စစ်အုပ်စု၏ စစ်ဆင်ရေးများနှင့် နိုင်ငံတကာရာဇဝတ်မှုများကို ဆက်လက်ထောက်ပံ့နေသည့် ဘဏ္ဍာရေးရင်းမြစ်တခုဖြစ်လာကြောင်းလည်း ဆိုသည်။

Justice For Myanmar က ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြဝတီဒေသတွင် ဆိုက်ဘာငွေလိမ်လုပ်ငန်းများ ပိုမိုတိုးချဲ့လာခဲ့ခြင်းတွင် လျှပ်စစ်နှင့် လောင်စာဆီကဏ္ဍများမှ အကျိုးအမြတ်ရရှိနေသည့် နိုင်ငံခြားကုမ္ပဏီများနှင့် အဂတိလိုက်စားသည့် အရာရှိအချို့၏ ပါဝင်ပတ်သက်မှုများကိုလည်း ထောက်ပြထားသည်။

ထို့အပြင် ထိုင်းအစိုးရအနေဖြင့် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နှင့် ထိတွေ့ဆက်ဆံခြင်းဖြင့် နိုင်ငံရေးတရားဝင်မှု ပေးအပ်မည့်အစား နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်သူများကို အရေးယူရန် လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းထားသည်။

အထူးသဖြင့် ကရင်နယ်ခြားစောင့်တပ်နှင့် ဆက်နွယ်သူများဖြစ်သည့် စောချစ်သူ၊ တင်ဝင်းနှင့် မုတ်သုန်တို့အပါအဝင် လူကုန်ကူးမှုနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများတွင် ပါဝင်သူများကို ထိုင်းအာဏာပိုင်များက စုံစမ်းအရေးယူသင့်ကြောင်း Justice For Myanmar က တောင်းဆိုထားသည်။

မင်းအောင်လှိုင်၏ ထိုင်းခရီးစဉ်နှင့်ပတ်သက်၍လည်း စစ်အုပ်စုအား နိုင်ငံရေးတရားဝင်မှုပေးခြင်းထက် ဘဏ္ဍာရေး၊ လက်နက်နှင့် လောင်စာဆီရင်းမြစ်များ ဖြတ်တောက်ရန် လိုအပ်ကြောင်း အဆိုပါအဖွဲ့က ပြောဆိုထားသည်။

မြန်မာနိုင်ငံအတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းများသည် နယ်စပ်ဒေသ လက်နက်ကိုင်အဖွဲ့များ၊ လူကုန်ကူးကွန်ရက်များနှင့် ဆက်နွယ်နေသည့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတခုအဖြစ် နိုင်ငံတကာ၏ အာရုံစိုက်မှု မြင့်တက်လာနေသည်။ Justice For Myanmar ၏ ထုတ်ပြန်ချက်သည် ထိုလုပ်ငန်းများကို တိုက်ဖျက်ရာတွင် စစ်အုပ်စုနှင့်ဆက်နွယ်သည့် အာဏာပိုင်ကွန်ရက်များကို ကိုင်တွယ်ရန် လိုအပ်ကြောင်း အလေးပေးထားခြင်းဖြစ်သည်။

မဇ္ဈိမ