ဆားမှော်ကျေးရွာမှာ ကလေးငယ်သုံးဦးနဲ့ ဘာသာရေးဆရာတစ်ဦးအပါအဝင် လူ ၃၀ ဝန်းကျင်ကို ဖမ်းဆီးခေါ်ဆောင်ခံရ

By MPM 9 ဇူလိုင်, 2026 👁 95

ကချင်ပြည်နယ် မိုးကောင်းမြို့ ဆားမှော်ကျေးရွာမှာ ကလေးငယ် ၃ ဦး၊ ခရစ်ယာန်ဘာသာရေး သင်းအုပ်ဆရာတစ်ဦးအပါအဝင် လူ ၃၀ ဝန်းကျင်ကို စစ်ကောင်စီလက်အောက် ရှမ်းနီ SNA တပ်က ယနေ့ ညနေပိုင်းမှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဇူလိုင်လ ၈ ရက်၊ ယနေ့ ညနေပိုင်း ၅နာရီဝန်းကျင်အချိန် ရှမ်းနီ SNA တပ်ဖွဲ့က ကားနှစ်စီး၊ လူအင်အား ၃၀ ဝန်းကျင် နဲ့ ဆားမှော် KBC ဘုရားကျောင်းထဲကို ဝင်ရောက်လာပြီး အရပ်သား ၃၀ ဝန်းကျင်ကို ဖမ်းဆီး ရိုက်နက် ခေါ်ဆောင်သွားတယ်လို့ ဆားမှော်ဒေသခံတစ်ဦးက KNG ကို ပြောပြပါတယ်။

“ဘုရားကျောင်းက ဆောက်လုပ်ရေးတာဝန်ခံကို ခေါင်းတွေရိုက်ပြီး တချို့သူတွေကိုက သေနတ်နဲ့ ချိန်ထားတာတဲ့။ ပြီးတော့ အဲဘေးနားက စက်ဘီးစီးနေတဲ့သူတွေကိုတောင် ဖမ်းသွားတာဆိုတော့ အကုန်ကြောက်ကုန်ကြတာပေါ့” လို့ ဆိုပါတယ်။

ဖမ်းဆီးခံခဲ့ရသူတွေမှာ ဆားမှော် ခရစ်ယာန်ဘုရားကျောင် သင်းအုပ်ဆရာနဲ့ ဆောက်လုပ်ရေးတာဝန်ခံ၊ အသက် ၅ နှစ်၊ ၇ နှစ်အရွယ် ကလေး ၂ ဦး၊ အစာရှောင် ဆုတောင်းနေတဲ့ အမျိုးသမီး ၆ ဦး အပါအဝင် ဘုရားကျောင်းဝန်းထဲ ခြင်းလုံးဆော့ကစားနေတဲ့ ကျောင်းသားလူငယ်တချို့ နဲ့ ပန်းရံလုပ်နေသူတွေအားလုံးကို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ သိရပါတယ်။

ဘုရားကျောင်းဝန်းထဲရှိ အရပ်သားများကို ဖမ်းဆီးရတဲ့အကြောင်းရင်းနဲ့ ဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာကိုလည်း သေချာမသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ရုံးချုပ်ထံသို့ အကြောင်းကြားထားတယ်လို့ သိရပါတယ်။

ဆားမှော်ပြည်သူတွေဘက်ကတော့ ဖမ်းဆီးထားတဲ့သူတွေကို တာဝန်ရှိသူတွေအနေနဲ့ ပြည်လည်လွတ်မြောက်အောင် ကူညီပေးဖို့ တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ မတ်လ ၃၁ ရက်နေ့တုန်းကလည်း ဆားမှော် ခလရ (၁၀၅) တပ်ရင်းက ခရစ်ယာန်သင်းအုပ်ဆရာအပါအဝင် လူကြီး လူငယ် အမျိုးသမီး အားလုံးပေါင်း အယောက် ၆၀ ဝန်းကျင်ကို ဆားမှော်နယ်မြေ ၄ နဲ့ ၅ ကြားက ခါနန်ဆိုတဲ့ ကချင်ရပ်ကွက်မှာ သတို့သမီးအပ်နှင်းပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့ဖူးပါတယ်။

အဲဒီနောက် ၂၀၂၄ မတ်လ ၂ ရက်နေ့ ညနေပိုင်း ၃ နာရီဝန်းကျင်လောက်မှာတော့ ကချင်ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ (PCG) က ကြားဝင်စေ့စပ်ပေးမှုကြောင့် ပြန်လည်လွတ်မြောက်လာတာလည်း ဖြစ်ပါတယ်။

KNG