စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့အတွင်းရှိ အကြမ်းဖက်စစ်ကော်မရှင်နှင့် ပူးပေါင်း၍ သတင်းပေးလုပ်ဆောင်နေသူများကို အရေးယူသွားမည်ဟု အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာနက မေလ ၂၄ ရက်တွင် သတိပေးထုတ်ပြန်လိုက်သည်။
Operation OTT ဖော်ဆောင်မှုမှရရှိသည့် သုံ့ပန်းနှင့် စာရွက်စာတမ်းများကို စစ်ဆေးရာတွင် ယင်းသို့ပူးပေါင်းသူများကို တွေ့ရှိရခြင်းဖြစ်သည်။
စိုင်ပြင်မြို့ခံအချို့နှင့် ဒေသတွင်း တော်လှန်ရေးအဖွဲ့ဝင်အချို့သည် အကြမ်းဖက်မြန်မာစစ်တပ်၏ လုပ်ငန်းစဉ်များ လည်ပတ်နိုင်ရန် သတင်းပေး၊ သတင်းယူ ကူညီပေးနေခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒေသခံများအနေဖြင့် အခက်အခဲများကြောင့် ခရီးသွားထောက်ခံစာနှင့် မှတ်ပုံတင်ကိစ္စများအတွက် စစ်ကော်မရှင်ထံ ချဉ်းကပ်ရခြင်းကို နားလည်ပေးထားသည်။
သို့သော် ကိုယ်ကျိုးစီးပွားအတွက် စစ်ကော်မရှင်နှင့် လိုအပ်သည်ထက် ပိုမိုဆက်ဆံနေခြင်းကိုမူ လက်ခံနိုင်မည်မဟုတ်ဟု ဖော်ပြထားသည်။
အဆိုပါ ပူးပေါင်းသူများသည် ၎င်းတို့၏ အကျိုးစီးပွားကို ကာကွယ်ရန် Operation OTT အပေါ် အပျက်သဘောဆောင်သော ဝါဒဖြန့်သတင်းများ ဖြန့်ဝေနေသည်ကိုလည်း တွေ့ရှိရသည်။
၎င်းတို့အနေဖြင့် အမှားများကို အမြန်ဆုံးပြင်ဆင်ပြီး တော်လှန်ရေးလမ်းကြောင်းသို့ ပြန်လည်ပူးပေါင်းရန် လိုအပ်ကြောင်း အသိပေးထားသည်။
စိုင်ပြင်မြို့ခံပြည်သူများအနေဖြင့် စိုးရိမ်ပူပန်နေမည့်အစား မြို့နယ်လုံခြုံရေးနှင့် တော်လှန်ရေးလုပ်ငန်းစဉ်များတွင် ကျရာအခန်းကဏ္ဍမှ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းထားသည်။
“တော်လှန်ရေးနယ်မြေတွင်နေထိုင်ပြီး အကြမ်းဖက်စစ်တပ်အား အလုပ်အကျွေးပြုခြင်းသည် လူမျိုးတုံးသတ်ဖြတ်မှုများတွင် ကြံရာပါ ဖြစ်သဖြင့် ခွင့်လွှတ်ရန် မရှိပေ” ဟုလည်း အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာနက သတိပေးထားသည်။
အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာနသည် Operation OTT စစ်ဆင်ရေးကို ဒေသတွင်း နယ်မြေရှင်းလင်းရေးနှင့် အကြမ်းဖက်မြန်မာစစ်တပ်၏ အဆောက်အအုံများကို တိုက်ခိုက်ခြင်းများအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
စိုင်ပြင်နယ်မြေရဲစခန်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်များက မေလ ၁၆ ရက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
နိရဥ္ဇရာ