စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာနေကြသူများသည် စစ်အုပ်စု၏ ဖြတ်တောက်ပိတ်ဆို့မှု ဒဏ်ကြားမှာ အကျပ်အတည်းမျိုးစုံ ရင်ဆိုင်ဖြတ်သန်းနေရသဖြင့် လူသားချင်းစာနာမှု အကူအညီများပေးရန် ယနေ့ ဇွန်လ ၂၀ ရက်တွင် ကျရောက်သည့် ကမ္ဘာ့ဒုက္ခများဆိုင်ရာနေ့တွင် စစ်ဘေးရှောင်များနှင့် လူမှုကူညီဆောင်ရွက်နေသူများက တောင်းဆိုလိုက်သည်။
လက်ရှိ ရခိုင်ပြည်အတွင်း စစ်ဘေးရှောင်သူဦးရေ ၆ သိန်းကျော်အထိ ရှိနေကာ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် ယခုမိုးတွင်းကာလ အမိုးအကာလုံခြုံမှုအောက်ရောက်ရန် ခက်ခဲနေဆဲဖြစ်သည်ဟု ကူညီဆောင်ရွက်နေသူများထံမှ သိရသည်။
“လက်ရှိအဖွဲ့အစည်းတွေက ပေးနိုင်တာကတော့ ဆန်တစ်ခု၊ နောက်ထပ်ငွေသားဆိုရင် တစ်လကို တစ်ယောက်ကို ငွေသားသုံးသောင်းခွဲလောက်ပဲ ပေးနိုင်တယ်။ အဲဒါကလည်း ကျောက်ဖြူက စစ်ဘေးရှောင် အားလုံးကို ပေးနိုင်တာမဟုတ်ဘူး။ ကျောက်ဖြူမြို့နယ်မှာတောင် ၃ သောင်းခွဲလောက် ကျန်တယ်။ နောက်ထပ် ရမ်းဗြဲမြို့နယ်၊ တောင်ကုတ်ခရိုင်တို့ကို တော်တော်များများ ရောက်သွားပြီ။ အခု နောက်ပိုင်း အသစ်ထွက်လာတဲ့ စစ်ဘေးရှောင်တွေနဲ့ဆိုရင် လူဦးရေက တော်တော်များသွားပြီ။ အဖွဲ့အစည်းတွေဘက် ကလည်း လုံလုံလောက်လောက်မပေးနိုင်ဘူး။ အဓိကတော့ မငတ်ရုံတမယ် ကျွေးထားနိုင်ရုံလောက်ပဲ” ဟု ဇင်ချောင်းလူငယ်ပရဟိတအသင်း ဥက္ကဌ ကိုနိုင်လင်းထွန်းက ပြောသည်။
စစ်ရေးပြင်းထန်နေသော ကျောက်ဖြူမြို့နယ်တွင် စစ်အုပ်စု၏ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် နေရပ်စွန့်ခွာသူ ဦးရေတိုးလာလျက်ရှိပြီး လူသားချင်းစာနာမှု အကူအညီလိုအပ်မှာလည်း မြင့်မားနေသည်။
စစ်အုပ်စု၏ ဖြတ်လေးဖြတ်ဗျူဟာကြောင့် နေရပ်စွန့်ခွာနေကြရသူများမှာ နိုင်ငံတကာ အဖွဲ့အစည်းများထံမှ အကူအညီရရှိမှုမှာလည်း ကန့်သတ်ခံထားရသည့်အပြင် ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းများ ကူညီမှုလည်း နည်းပါး၍ လုံးပန်းမနိုင်ဖြစ်နေကြသည်။
ထိုကြားထဲ အလုပ်အကိုင်ရှားပါး၊ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကိုပါ ရင်ဆိုင်နေရသဖြင့် ကြုံရာကျပန်းလုပ်ကိုင်ကာ တစ်နေ့တာဝမ်းရေးအတွက် ဖြစ်သလို ရုန်းကန်နေကြရ၍ ဆင်းရဲဒုက္ခများလှသည်။
“လက်ရှိမှာတော့ စားနပ်ရိက္ခာနဲ့ အမိုးအကာပဲ လိုအပ်မယ်။ မိုးရာသီဆိုတော့လေ။ အမိုးမလုံတာလည်း ရှိတယ်။ နောက်ထပ် စားနပ်ရိက္ခာလိုတယ်ဆိုတာက အခုရာသီမှာ ထင်းခုတ်ဖို့သွားလို့လည်း မရဘူး။ အလုပ်အကိုင်တွေက လည်း အဆင်မပြေ။ Airstrike (လေကြောင်းတိုက်ခိုက်မှု) တွေလည်းများလာတော့ တချို့နေရာတွေမှာ လုပ်လို့ မရတော့တဲ့ အပြောင်းအလဲ ရှိတယ်” ဟု ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး ဥက္ကဌ ကိုပြည့်ဖြိုးနိုင်က ပြောသည်။
လူသားချင်းစာနာမှုလိုအပ်နေသူများမှာ ကူညီပံ့ပိုးပေးရန်၊ လူသားတိုင်း၏ ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးကို ကာကွယ်ပေးရန် ကမ္ဘာ့ဒုက္ခသည်းများနေ့တွင် ကုလအတွင်းရေးမှူးချုပ်က တိုက်တွန်းထားသည်။
နိုင်ငံတဝန်း စစ်ရေးရှုံးနိမ့်နေသော အာဏာသိမ်းစစ်တပ်က စစ်ရေးဖြစ်ပွားရာဒေသများတွင် လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် အရပ်သားပြည်သူများအား သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများကျူးလွန်နေသည့်အပြင် နေရပ်စွန့်ခွာနေရသူများအတွက် စားနပ်ရိက္ခာရောက်ရှိမည့် လမ်းကြောင်းများကို ဖြတ်တောက်ပိတ်ဆို့ထားသည်။
DMG