စလင်းမြို့နယ်တွင် စစ်ကောင်စီလက်ချက်နှင့် ပြည်သူနှစ်ဦး ပစ်ခတ်သတ်ဖြတ်ခံရ

By MPM 21 ဇွန်, 2024 👁

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် စစ်ကောင်စီတပ်သားများက ပြည်သူနှစ်ဦးကို နှစ်ရက်ဆက်တိုက် ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သားများက ပြီးခဲ့သည့် ဇွန် ၁၈ နှင့် ၁၉ ရက်တို့တွင် စျေးသည်တစ်ဦးနှင့် ဆိုင်ကယ် မောင်းလာသူတစ်ဦးကို စလင်းမြို့ လေးတိုင်စင်အနီးတွင် ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။

“အမျိုးသမီးက စျေးသည်ပါ။ မနက် သုံးနာရီလောက်မှာ စျေးခြင်းတောင်းနဲ့ လာတာကို ပစ်သတ်ပြီးတော့ ကားမှာ ကြိုးနဲ့ဆွဲပြီး စခန်းဘက်ကို မောင်းထွက်သွားတာ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

စျေးသည်အမျိုးသမီး ပစ်သတ်ခံခဲ့ရသည့် အကြောင်းအရင်းကို တိတိကျကျ မသိရှိရသေးဘဲ ဆိုင်ကယ်မောင်း လာသည့် အမျိုးသားကို ဆိုင်ကယ်ရပ်မပေးသည့်အတွက် ပစ်ခတ်ခဲ့ကြောင်း ပြောသည်။

အလားတူ ဇွန် ၁၉ ရက် နံနက် ၁၀ နာရီ ဝန်းကျင်တွင် စစ်ကောင်စီလက်အောက်ခံများက စစ်ဆေးရေး လုပ်နေစဉ်အတွင်း ဆိုင်ကယ်မရပ်ပေးသည့်အတွက် အဆိုပါ ဆိုင်ကယ်သမားကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စလင်းမြို့နယ်တွင် ဇွန် ၁၇ ရက်မှ စပြီး VPN စစ်ဆေးခြင်းကို လုပ်ဆောင်နေခြင်းဖြစ်ပြီး VPN တစ်ခုအတွက် ငွေကျပ် ၁ သိန်း တောင်းခံကြောင်း သိရသည်။

စလင်းမြို့နယ်တွင် ဇွန်လ ပထမပတ်အတွင်း ရှောင်တခင်စစ်ဆေးခြင်းနှင့် စစ်မှုထမ်းရန်အတွက် ဒေသခံပြည်သူ ၇၀ ဦး ဝန်းကျင်ဖမ်းဆီးခံခဲ့ရကာ ယင်းတို့အထဲမှ အယောက် ၄၀ ပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။