စစ်အုပ်စုက လေယာဉ်ဆီကို ဒီဇယ်ဆီအမည်ဖြင့် တင်သွင်းခဲ့ကြောင်း JFM ဖော်ထုတ်

By MPM 27 အောက်တိုဘာ, 2026 👁 71

စစ်အုပ်စုနှင့် ၎င်းနှင့်ဆက်နွှယ်သည့် ကုမ္ပဏီများသည် အမေရိကန်ဒေါ်လာ ၁၀၉ ဒသမ ၅ သန်းတန်ဖိုးရှိ လေယာဉ်ဆီများကို ဒီဇယ်ဆီအဖြစ် စာရွက်စာတမ်းများတွင် အမည်လွှဲဖော်ပြကာ ကြားခံကုမ္ပဏီများမှ တစ်ဆင့် မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ကြောင်း Justice For Myanmar (JFM) က ဖော်ထုတ်ထားသည်။

အောက်တိုဘာလ ၂၆ ရက်နေ့ထုတ် JFM ၏ သတင်းထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအထိ လေယာဉ်ဆီစည်ပေါင်း ၈၄၃,၀၀၀ ကျော်ပါဝင်သည့် ကုန်တင်သွင်းမှု ခြောက်ကြိမ်တွင် ကုန်သွယ်ရေးလိမ်လည်မှုရှိနိုင်သည့် အထောက်အထားများ တွေ့ရှိခဲ့သည်။

အဆိုပါလေယာဉ်ဆီများကို တင်သွင်းခွင့်စာရွက်စာတမ်းများတွင် မြန်နှုန်းမြင့်ဒီဇယ်ဆီ (High-Speed Diesel – HSD) အဖြစ် ဖော်ပြထားပြီး လေယာဉ်ဆီတင်သွင်းမှုကို ဖုံးကွယ်ရန် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း JFM က ဆိုသည်။

ယင်းစုံစမ်းဖော်ထုတ်မှုကို စစ်အုပ်စု၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပေါက်ကြားလာသည့် တင်သွင်းခွင့်ပါမစ်များ၊ လျှို့ဝှက်စာများ၊ ကုမ္ပဏီစာချုပ်များ၊ ငွေတောင်းခံလွှာများနှင့် ကုမ္ပဏီမှတ်တမ်းများအပေါ် အခြေခံထားသည်။

စာရွက်စာတမ်းများတွင် Dynamic Wave နှင့် PP Petroleum ကုမ္ပဏီတို့ကို တင်သွင်းသူများအဖြစ် ဖော်ပြထားသော်လည်း အမှန်တကယ်ဝယ်ယူသူမှာ National Energy Prime Aviation Services Company Limited (NEPAS) ဖြစ်ကြောင်း JFM က ဖော်ပြသည်။

NEPAS သည် စစ်အုပ်စုထိန်းချုပ်ထားသည့် နိုင်ငံပိုင် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း (MPE) နှင့် Asia Sun ကုမ္ပဏီအုပ်စုတို့၏ ဖက်စပ်ကုမ္ပဏီဖြစ်သည်။

Asia Sun ကို Myan Oil နှင့် Shoon ဟူသောအမည်များဖြင့် လည်း သိကြသည်။

စစ်အုပ်စု၏ နိုင်ငံခြားငွေကြီးကြပ်ရေးကော်မတီ (FESC) သည် အဆိုပါလေယာဉ်ဆီတင်သွင်းမှုကို ခွင့်ပြုပေးရာတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း JFM က ဆိုသည်။

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် FESC က NEPAS ကိုယ်စား Dynamic Wave အမည်ဖြင့် လေယာဉ်ဆီကို ဒီဇယ်ဆီအဖြစ် ဖော်ပြထားသည့် တင်သွင်းခွင့်ပါမစ်တစ်ခုကို အတည်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါကော်မတီကို ၂၀၂၄ ခုနှစ်၊ မေလမှစ၍ စစ်ထောက်ချုပ်ဟောင်းနှင့် စစ်အုပ်စုအဆင့်မြင့်အရာရှိ ညိုစောက ဥက္ကဋ္ဌအဖြစ် ဦးဆောင်နေသည်။

လေယာဉ်ဆီရောင်းချသူများတွင် ထိုင်းနိုင်ငံအခြေစိုက် Tawan-Oil Trading နှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) အခြေစိုက် NEC Trading တို့ ပါဝင်ကြောင်း JFM က ဖော်ထုတ်ထားသည်။

သက်ဆိုင်ရာစာချုပ်များတွင် လောင်စာဆီများ၏ မူရင်းနိုင်ငံများအဖြစ် တောင်အာဖရိကနှင့် စင်ကာပူတို့ကို ဖော်ပြထားသည်။

ယင်းသို့ လေယာဉ်ဆီတင်သွင်းမှုများကို ဖုံးကွယ်နေသည့်ကာလအတွင်း စစ်အုပ်စုက မြန်မာနိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်ခဲ့ကြောင်း JFM က ထောက်ပြထားသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး၏ ကိန်းဂဏန်းများကို ကိုးကား၍ ၂၀၂၅ ခုနှစ်အတွင်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား အနည်းဆုံး ၉၈၂ ဦး သေဆုံးခဲ့ပြီး ကလေးငယ် ၂၃၂ ဦး ပါဝင်ကြောင်း JFM က ဖော်ပြသည်။

ယင်းအရပ်သားသေဆုံးမှုသည် ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၅၀ ရာခိုင်နှုန်းကျော် မြင့်တက်လာခြင်းဖြစ်သည်။

ရခိုင်ပြည်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်း အရပ်သားများ ထိခိုက်သေဆုံးနေသည့် လေကြောင်းတိုက်ခိုက်မှု များကို စစ်အုပ်စုက ဆက်လက်လုပ်ဆောင်နိုင်ရန် လေယာဉ်ဆီရရှိနေမှုက အထောက်အကူဖြစ်စေသည်ဟု JFM က ထောက်ပြထားသည်။

ထို့ကြောင့် အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ၊ ကနေဒါနှင့် ဩစတြေးလျတို့အနေဖြင့် MPE နှင့် NEPAS အပါအဝင် စစ်အုပ်စု၏ လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်တစ်ခုလုံးအပေါ် ပူးပေါင်းဒဏ်ခတ်ပိတ်ဆို့မှုများ တိုးချဲ့ချမှတ်ရန် JFM က တောင်းဆိုထားသည်။

ထို့အပြင် မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်ပို့မှု ပိတ်ပင်ရန်နှင့် ထိုင်း၊ စင်ကာပူအာဏာပိုင်များက သံသယရှိဖွယ် အကောက်ခွန်ဆိုင်ရာ လိမ်လည်မှုများကို စုံစမ်းစစ်ဆေးရန်လည်း တိုက်တွန်းထားသည်။

“လက်ရှိ ဒဏ်ခတ်ပိတ်ဆို့မှုတွေက လုံလောက်မှုမရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်း တွေ့နေရပါတယ်” ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြားပြီး လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်တစ်ခုလုံးအပေါ် နိုင်ငံတကာက ပူးပေါင်းအရေးယူရန် တောင်းဆိုခဲ့သည်။

JFM ၏ စုံစမ်းဖော်ထုတ်ချက်တွင် ပါဝင်သည့် ကုန်သွယ်ရေးလိမ်လည်မှုဆိုင်ရာ စွပ်စွဲချက်များနှင့် သက်ဆိုင်ရာကုမ္ပဏီများ၏ ပါဝင်ပတ်သက်မှုကို DMG က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

DMG