စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး AA နှင့် ရေရှည်လက်တွဲမည်ဟု ချင်းညီနောင်ပြော

By MPM 10 ဧပြီ, 2026 👁 4

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ အမျိုးသားတန်းတူရေးနှင့် မိမိကံကြမ္မာ မိမိဖန်တီးခွင့်ရရှိသည်အထိ အာရက္ခတပ်တော် (AA) နှင့်အတူ ရေရှည်လက်တွဲရှေ့ဆက်သွားမည်ဟု ချင်းညီနောင်က ပြောကြားလိုက်သည်။

ဧပြီလ ၁ဝ ရက်တွင်ကျရောက်သော AA ထူထောင်ခြင်း ၁၇ နှစ်မြောက်နေ့သို့ပေးပို့သော သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။

“မိမိတို့ ချင်းညီနောင်အနေဖြင့် ချင်းပြည်သူလူထု၏အကျိုးစီးပွားနှင့် အာရက္ခဒေသရှိ ပြည်သူလူထု၏ အကျိုးစီးပွားတို့ကို အပြန်အလှန်ကာကွယ်စောင့်ရှောက်ပြီး စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ အမျိုးသားတန်းတူရေးနှင့် မိမိကံကြမ္မာ မိမိဖန်တီးခွင့်ရရှိသည်အထိ အာရက္ခတပ်တော်နှင့်အတူ ရေရှည်လက်တွဲရှေ့ဆက်သွားကြမည်ဖြစ်သည်” ဟု ဖော်ပြသည်။

အာရက္ခတပ်တော်သည် မိမိတို့ချင်းညီနောင်အား အိမ်နီးချင်းကောင်းပီသစွာ မဟာမိတ် စိတ်ဓာတ်အပြည့်ဖြင့် လေ့ကျင့်သင်တန်းပေးခြင်း၊ လက်နက်ခဲယမ်းတပ်ဆင်ပေးခြင်းနှင့် နိုင်ငံရေးအရ ကူညီလက်တွဲဆွဲခေါ်ခြင်း၊ အကူအညီများပေးအပ်ခြင်းတို့အတွက်လည်း ကျေးဇူးအထူးတင်ရှိကြောင်း ဆိုထားသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)သည် စစ်ရေးနှင့် နိုင်ငံရေးကို ဟန်ချက်ညီညီ ဆောင်ရွက်နိုင်ခြင်းကြောင့် ထူးခြားပြောင်မြောက်သော စွမ်းရည်များဖြင့် အောင်ပွဲအလီလီဆွတ်ခူးနိုင်ခဲ့ပြီး နိုင်ငံတဝန်းရှိ တခြားတော်လှန်ရေးအင်အားစုများ၏ လေးစားအားကျခြင်းကို ရရှိသည့်အဖွဲ့အစည်းအဖြစ် ရပ်တည်နေနိုင်ခြင်းဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

AA အနေဖြင့် အာရက္ခတော်လှန်ရေးပန်းတိုင်ကို အကောင်းဆုံး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါစေဟုလည်း ဆုတောင်းပေးထားသည်။

နိရဉ္စရာ