စစ်ရေးပဋိပက္ခအတွင်း မီးလောင်ပျက်စီးခဲ့သည့် နေအိမ်များနှင့်ပတ်သက်၍ စစ်ကောင်စီ နှုတ်ဆိတ်နေ

By MPM 17 မတ်, 2023 👁

ရခိုင်ပြည်တွင် ပြီးခဲ့သည့် နှစ်နှစ်တာ စစ်ရေးပဋိပက္ခကာလအတွင်း မီးလောင်ပျက်စီးသွားသည့် နေအိမ်များ ပြန်လည်တည်ဆောက်ရေးကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီ နှုတ်ဆိတ်နေသည်ဟု ဒေသခံများက ဝေဖန်ပြောဆိုနေကြသည်။

နေအိမ်မီးလောင်ပျက်စီးသွားသူများမှာ အခက်ခဲများစွာရှိနေပြီး ပြန်လည်ထူထောင်ရေးကိစ္စ နှင့်ပတ်သက်၍ စစ်ကောင်စီအနေဖြင့်လည်း မည်သို့စီစဉ်ဆောင်ရွက်ထားသည်ကို ယနေ့အထိ ရှင်းရှင်းလင်းလင်း ပြောဆိုထားခြင်းမရှိသေးဟု ကျောက်တော်မြို့နယ် လွတ်တော်အမတ်ဟောင်း ဦးဦးထွန်းက ထောက်ပြထားသည်။

“သူတို့ (နေအိမ်မီးလောင်ပျက်စီးသွားသူ) ဟာ စစ်ဘေးရှောင်စခန်းမှာ ဖြစ်သလိုနေထိုင်နေရတဲ့ အနေအထားမှာရှိတယ်။ ဆင်းရဲခြင်းပေါင်းစုံနဲ့နေထိုင်နေကြရတယ်။ မီးဘေးသင့်သူတွေနဲ့ပတ်သက်လို့ အစိုးရဘက်က တာဝန်ယူမှု၊ တာဝန်ခံမှုက အားနည်းနေတယ်။ စာနာမှုပိုင်းဆိုင်ရာအရလည်း အားနည်း တယ်။ သူတို့ (စစ်ကောင်စီ) ဘက်က ထိထိရောက်ရောက်သာ လုပ်ဆောင်နိုင်မယ်ဆိုရင်တော့ အဆင်ပြေလာနိုင်မယ်”ဟု ဦးဦးထွန်းဝင်းက ပြောသည်။

မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော် (AA) တို့ ပြီးခဲ့သည့် နှစ်နှစ်ကျော်ကာ စစ်ရေးပဋိပက္ခအတွင်း ရခိုင်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် ကျေးရွာပေါင်း ၄၈ ရွာမှ နေအိမ်ပေါင်း ၂၀၀၅ လုံးအထိ မီးလောင် ပျက်စီးသွားခဲ့ရသည်။

ထိုအထဲမှ ကျောက်တော်မြို့နယ်မှ ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာ၊ မြောက်ဦးမြို့နယ်မှ လက္ကာကျေးရွာ၊ မင်းပြားမြို့နယ်မှ ဖားပြိုကျေးရွာတို့တွင် စစ်ကောင်စီမှ သိန်း ၅၀ တန်ဖိုးရှိနေအိမ်များ ဆောက်လုပ်ပေးထားကြောင်းသိရသည်။

သို့သော် မီးလောင်မှုကြောင့်ပျက်စီးသွားခဲ့ရသည့် နေအိမ်အများအပြားမှာ လက်ရှိအချိန်အထိ ပြန်လည်ဆောက်လုပ်ပေးမှုများ မရှိသေးသလို ဆုံးရှုံးမှုများအတွက်လည်း ထောက်ပံ့မှုများမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာတွင် စစ်ရေးကာလအတွင်း လက်နက်ကြီးကျ ရောက်မှု၊ မီးရှို့ခံရမှုကြောင့် နေအိမ် ၁၃၂ ဆောင်နှင့် ဘုန်တော်ကြီးကျောင်းတို့ ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိ ကျေးရွာအတွင်း လူမနေထိုင်သည်မှာ ကာလရှည်ကြာခဲ့ပြီဖြစ်သဖြင့် ရာသီဥတုဒဏ်တို့ကြောင့်လည်း ခြုံနွယ်များဖုံးလွှမ်းကာ နေအိမ်အများအပြားပျက်စီးမှုများလည်းရှိသည်ဟု ဒေသခံများက ဆိုသည်။

မီးလောင်ပျက်စီးသွားသည့် နေအိမ်များနှင့်ပတ်သက်၍ ဆုံးရှုံးနစ်နာခဲ့ရသော ဒေသခံများမှာ မျက်ကွယ်ပြုခံနေကြရကြောင်း တင်းမဆရာတော် အရှင်ဝါယမိန္ဒကမိန့်ကြားသည်။

“မီးရှို့ခံရတဲ့ ကျေးရွာတွေနဲ့ပတ်သက်လို့ အစိုးရက တစ်ခုမှ ပြောဆိုတာမရှိသေးဘူး။ နေရပ်ပြန်ဖို့ ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်အဆင့်ထိ စာတင်တာ ၉ ကြိမ်ရှိပြီ။ သူတို့(စစ်ကောင်စီ)က နယ်မြေ မအေးချမ်း ဘူး၊ မိုင်းမရှင်းရသေးဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီဟာနဲ့ပတ်သက်လို့ ကြိုးစားကြည့်မယ်။ ဒီလောက်ပဲ ကျန်တာ ဘာမှမကြားရဘူး” ဟု ဆရာတော် အရှင်ဝါယမိန္ဒက မိန့်ကြားသည်။

မီးလောင်ပျက်စီးသွားသည့် နေအိမ်များစာရင်းကို ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ သက်ဆိုင်ရာမြို့နယ် ထွေ/အုပ်မှတစ်ဆင့် ပြည်နယ်စစ်ကောင်စီ၊ ပြည်ထောင်စုစစ်ကောင်စီထံသို့ အဆင့်ဆင့် ပေးပို့ထားသော် လည်း ယနေ့အထိ ထူးခြားမှုမရှိသေးကြောင်း သိရသည်။

အလားတူ ရွာလုံးကျွတ်နီးပါး နေအိမ်မီးလောင်ပျက်စီးသွားသည့် ကျောက်တော်မြို့နယ်၊ ပြိုင်းတိုင်း ကျေးရွာမှာလည်း လက်ရှိအချိန်ထိ စစ်ကောင်စီက ပြန်လည်ထူထောင်ရေးကိစ္စနှင့်ပတ်သက်၍ ဆောင် ရွက်ခြင်းမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

“အိမ်မီးလောင်သွားနဲ့ပတ်သက်လို့ ဒီနေ့အထိ ဘာမှပြောဆိုတာလဲမရှိဘူး။ ဘာမှလည်းမသိရဘူး။ ကျွန်မတို့မှာ နေအိမ်လည်းပျက်စီးသွားခဲ့ရတယ်။ လုပ်ကိုင်စားသောက်နေတဲ့ လယ်ထွန်စက်တွေရော အကုန်လုံးက မီးထဲပါသွားခဲ့ပြီ။ ဆုံးရှုံးမှုတန်ဖိုးထွက်ကြည့်မယ်ဆိုရင် သိန်း ၁၀၀ ကျော်လောက်ရှိတယ်။ တစ်သက်စာစုဆောင်းခဲ့တာတွေဆုံးရှုံးသွားတော့ ဘာမှလည်းမရှိတော့ဘူး။ အခုလို သူများထောက်ပံ့မှုနဲ့ ရပ်တည်နေရတဲ့ စစ်ဘေးရှောင်ဘဝနဲ့တော့ ပြန်လည်တည်ဆောက်ဖို့မလွယ်တော့ဘူး” ပြိုင်းတိုင်းကျေးရွာက ဒေါ်မမြသန်းက ပြောသည်။

ပြိုင်းတိုင်းကျေးရွာတွင် တိုက်ပွဲကာလအတွင်း လက်နက်ကြီးကျရောက်မှု၊ မီးရှို့ခံရမှုတို့ကြောင့် နေအိမ် ၂၀၀ ကျော် မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများက ပြောဆိုကြသည်။ မီးလောင်ပျက်စီးသွားသည့် နေအိမ်များနှင့်ပတ်သက်၍ ပြည်လည်တည်ဆောက်ပေးရန်အတွက် ယခင် NLD အစိုးရလက်ထပ်တွင် ၄ ကြိမ်တိုင်စာဖြင့်ဆောင်းဆိုခဲ့သော်လည်း ထူးခြားမှုမရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပျက်စီးသွားသည့်နေအိမ်များအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂ သိန်းစီကို လူမှုဝန်ထမ်း ကယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးမှ ထောက်ပံ့ပေးမှုသာရှိခဲ့သည်ဟု ပြိုင်းတိုင်းကျေးရွာသား များကဆိုသည်။

ကျောက်တော်မြို့နယ်အထက်ပိုင်း ကုလားတန်မြစ်ကြောင်းတစ်လျှောက်တွင်ရှိသည့် တင်းမ၊ အထက် တင်းမ၊ ပြိုင်းတိုင်း၊ မုန့်သန်းပြင်၊ ကြင့်ခါးစေ့၊ နမဒါစသည့် ကျေးရွာများမှာ တိုက်ပွဲကာအတွင်း လက်နက်ကြီးကျရောက်မှု၊ မီးရှို့ခံရမှုကြောင့် နေအိမ်များပျက်စီးသွားကာ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်ခဲ့ပြီး စစ်ဘေးရှောင်စခန်းအသီးသီးတွင်ခိုလှုံခဲ့ကြရသည်။

နေအိမ်မီးလောင်ပျက်စီးသွားသည့် ဒေသခံများမှာ တစ်သက်လုံးစုဆောင်းခဲ့ရသော ပစ္စည်း၊ ဥစ္စာများ ဆုံးရှုံးသွားခဲ့ဖြင့် ဘဝပြန်လည်တည်ဆောက်ရေးအတွက် စိန်ခေါ်မှုများစွာရှိနေကြသည်။

စစ်ကောင်စီအနေဖြင့် မီးလောင်ပျက်စီးသွားသည့် နေအိမ်များနှင့်ပတ်သက်၍ ပြန်လည်ထူထောင်မှုများ မလုပ်ဆောင်သလို ဆုံးရှုံးမှုအတွက်လည်း တစ်စုံတစ်ရာ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခြင်းမရှိဘဲ ပြည်သူလူထုအပေါ် ပစ်ပယ်ထားကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများက ထောက်ပြပြောဆိုထားကြသည်။

ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာ ဦးမြတ်ထွန်းက “အစိုးရ (စစ်ကောင်စီ) ဟာ ပြည်သူလူထုကို ပြန်မကြည့်ဘူး။ စစ်ဘေးရှောင်တွေဟာ တိုက်ပွဲအန္တရာယ်ကို ကြောက်ရွံ့ပြီး ထွက်ပြေးကြတာဖြစ်တယ်။ တိုက်ပွဲမရှိရင်လည်း သူတို့ (ဒေသခံ) အတွက် တာဝန်ခံမှု၊ တာဝန်ယူမှု မရှိဘူး။ စစ်ကောင်စီက ကျေးရွာအနားမှာ တပ်စခန်းချထားတယ်။ အစိုးရကနေ ဒီဟာကို လုပ်ပေးမယ် ဆိုရင် လုပ်လို့ရတယ်။ ဒါပေမယ့် မလုပ်ပေးဘူး။ အခုအချိန်ဟာဆိုရင်လည်း နှစ်ဖက် အပစ်အခတ် ရပ်စဲထားကြတယ်။ အဲဒီလို အနေထားမှာ ပြည်သူလူထုအတွက် လုပ်ပေးလို့ရတယ်။ ဒါပေမဲ့ သူတို့က ပစ်ပယ်ထားကြတယ်” ဟု ပြောဆိုထားသည်။

စစ်ရေးကာလအတွင်း မီးလောင်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်များပြန်လည်ထောက်ရေးကိစ္စနှင့် ပတ်သက်၍ မည်သို့ဆောင်ရွက်သွားမည်၊ မည်သို့ဆောင်ရွက်မှုများရှိနေသည်ကို သိရှိနိုင်ရန်အတွက် ရခိုင်ပြည်စစ်ကောင်စီအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းနှင့် သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းတို့ကို DMG မှ တယ်လီဖုန်းနှင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

ရခိုင်ပြည်တွင် တိုက်ပွဲရပ်တန့်ပြီးနောက်ပိုင်း စစ်ကောင်စီအစီအစဉ်ဖြင့် နေရပ်ပြန်သွားကြသည့် စစ်ဘေး ရှောင် ၅,၀၀၀ ကျော်အထိရှိလာနေပြီဖြစ်သော်လည်း အများစုမှာ နေအိမ်များမီးလောင်ပျက်စီးမှု၊ မိုင်းအန္တရာယ် စသည်တို့ကြောင့် နေရပြန်ရန်အတွက် အခက်အခဲများရှိနေကြသည်။

အောင်ထိန် (DMG) ပေးပို့သည်။