ကချင်ပြည်နယ်၊ ဒေါ့ဖုန်းယန်အနီး ခလားနဲ့ ဒိန်ဂါကျေးရွာကြား၌ စစ်ကောင်စီ၏ စစ်ရိက္ခာသယ်ယာဉ်တန်းအတွက် လုံခြုံရေးဖြည့်တင်းလာသည့် စစ်ကောင်စီစစ်ကြောင်းကို KIA တပ်က တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောသည်။
အောက်တိုဘာ ၁၄ ရက် မနက် ၉ နာရီလောက်တွင် ဒေါ့ဖုန်းယန် ခလရ ၁၄၂ တပ်ရင်းက စစ်အင်အား ၆၀ ရှိ စစ်ကောင်စီတပ်ဖွဲ့သည် ဒေါ့ဖုန်းယန်အထက် ခလားအထိ နယ်မြေလုံခြုံရေးရယူဖို့အတွက် စစ်ရေးလှုပ်ရှားလာချိန်၌ ကချင်လွတ်လပ်ရေး တပ်မတော် KIA က တက်လာလို့မရအောင် ပိတ်ဆို့တိုက်ခိုက် နေတာ ဖြစ်တယ်လို့ KIA နဲ့ နီးစပ်တဲ့ ဒေါ့ဖုန်းယန် ဒေသခံတစ်ယောက်က ပြောဆိုသည်။
“တိုက်ပွဲက အခုထိ ဖြစ်နေကြတာ ခလားနဲ့ ဒိန်ဂါကြားမှာ ဖြစ်တယ်။ ဒေါ့ဖုန်းကနေ ခလားနဲ့ ဒိန်ဂါဘက်ကို လုံးခြုံရေးယူကြဖို့ ဒီကနေ့ မနက်ကတည်းက ထွက်သွားကြတာ ဟုတ်တယ်။ အဲတာ ၉ နာရီလောက်ဆို ဖြစ်ကြပြီးရော အခုထိ ပစ်လိုက်နားလိုက်နဲ့ ဖြစ်နေကြတာ” လို့ ၎င်းက ပြောသည်။
ယင်းစစ်ကောင်စီတပ်ဖွဲ့သည် စစ်ရိက္ခာသယ်ယာဉ်တန်းများ နမ်ဆန်ယန်အနီးတဝိုက် တိုက်ပွဲဖြစ်ပွားနေတဲ့ တပ်စခန်းနေရာဘက်တွေကို စစ်ရိက္ခာများသွားရောက် ပို့ဆောင်ပေးရန် လုံခြုံရေးလိုက်ပါ ပြင်ဆင်နေချိန် တိုက်ခိုက်ခဲတာဖြစ်တယ်လို့ သိရသည်။
အဆိုပါလမ်းကြောင်းအတိုင်း စစ်ရိက္ခာသယ်ယာဉ်တန်းတွေ မတက်လာနိုင်ဖို့ KIA က လုံခြုံရေးယူမည့် စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်နေခြင်းလည်း ဖြစ်သည်။
လက်ရှိတွင် ဒေါ့ဖုန်းယန် ခလရ ၁၄၂ တပ်ရင်းထဲ၌ စစ်ရိက္ခာသယ်ယာဉ်တန်း ၃၀ ကျော် ရှိနေပြီး အောက်တိုဘာလ ၁၀ ရက်နေ့မှာလည်း ဗန်းမော်ဘက်ကနေ စစ်အင်အား ၁၀၀ လောက်ပါသည့် စစ်ရိက္ခာအပြည့်တင်ဆောင်လာတဲ့ စစ်ကား ၆ စီးက ဒေါ့ဖုန်းယန် စစ်တပ်စခန်းထဲ ရောက်ရှိနေတာ ဖြစ်တယ်လို့ KIA နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောသည်။
“တစ်ရက်နေ့မှာပဲ ဗန်းမော်ဘက်ကနေ စစ်ကား ၆ စီးနဲ့ စစ်သားက အင်အား ၁၀၀ လောက်ရှိမယ် ဒေါ့ဖုန်းယန် တပ်စခန်းမှာ ရောက်နေတယ်။ အရင်က ရောက်နေတဲ့ စစ်ကားတွေနဲ့ အခု အသစ်ရောက်တဲ့ စစ်ကားတွေက ပြန်လည်ထွက်ဖို့ ပြင်ဆင်နေကြတာဟုတ်တယ်” လို့ အဆိုပါ သတင်းအရင်းအမြစ်က ပြောသည်။
ယင်းစစ်ရိက္ခာသယ် ယာဉ်တန်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာပဲ စစ်ကား ၂၈ စီးက ဒေါ့ဖုန်းယန် တပ်စခန်းကနေ ဒေါ့ဖုန်းယန်အထက်ကို ထွက်ခွာလာချိန် ခလားကျေးရွာမှာ တစ်ပတ်လောက်အကြာ KIA က လမ်းပိတ်ဆို့ပြီး တိုက်ခိုက်ခဲ့ရာမှာ စစ်ကားပျက်စီးတာတွေ၊ ထိခိုက်သေဆုံးတာတွေ အလွန်များလာတဲ့အတွက် ဒေါ့ဖုန်းယန် စခန်းထဲကို ပြန်လည်ခေါက်ဝင်သွားတဲ့ စစ်ကြောင်းတွေဖြစ်ကြောင်း သိရသည်။
အဲဒီစစ်ယာဉ်တန်းတွေဟာ ရိက္ခာပြန်လည်ပို့ဆောင်ရန် လုပ်ဆောင်နေတာဖြစ်တဲ့အတွက် ဒီရက်ပိုင်းအတွင်း ဒေါ့ဖုန်းယန်အထက် ခလားနဲ့ ဒိန်ဂါစတဲ့ ကျေးရွာနယ်မြေတလျှောက် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာနိုင်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြသည်။
KNG ပေးပို့သည်။