စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် ARSA ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ရန် Fortify Rights တောင်းဆို

By MPM 22 မေ, 2026 👁 2

မွတ်ဆလင် လက်နက်ကိုင်အဖွဲ့ (ARSA) ၏ ခေါင်းဆောင် အာတာအူလာကို ဖမ်းဝရမ်း ထုတ်ပေးရန် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) အား လူ့အခွင့်အရေးလှုပ်ရှားသူအဖွဲ့ Fortify Rights က မေ ၂၁ ရက် တွင် တောင်းဆိုလိုက်သည်။

ARSA အဖွဲ့ဝင်များသည် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် မွတ်ဆလင်များနှင့် အရပ်သားများအပေါ် အကြမ်းဖက် သတ်ဖြတ်ခြင်း၊ လူသားမျိုးနွယ် သေကြေပျက်စီးစေသည့် ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း ဆိုသည်။

ထို့အတူ ရိုဟင်ဂျာ(မွတ်ဆလင်)များ ဦးဆောင်သည့် အဖွဲ့အစည်း ၇ ခုကလည်း မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တွင် အာဆာအဖွဲ့ ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အရေးယူပေးရန်၊ အာတာအူလာကို ဖမ်းဝရမ်းထုတ်ပေးရန် ICC သို့ သီးခြားတောင်းဆိုလိုက်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်များသည် ARSA အဖွဲ့၏ အကြမ်းဖက်မှုနှင့် အခွင့်အရေးချိုးဖောက်မှုများကို ခံခဲ့ရသည့် မွတ်ဆလင်များနှင့် အရပ်သားပြည်သူများသည် နိုင်ငံတကာခေါင်းဆောင်များထံမှ တရားမျှတမှုရရှိရန် တောင်းဆိုနေကြောင်း မီးမောင်းထိုးပြနေသည်။

Fortify Rights ၏ ဦးဆောင်ကော်မတီအဖွဲ့ဝင်များက “ASRA အဖွဲ့ရဲ့ ချိုးဖောက်မှုခံရသူတွေဟာ နိုင်ငံတော်အဆင့် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကြောင့် ခံစားရသူတွေလိုပဲ တရားမျှတမှုကို တန်းတူညီတူ ရပိုင်ခွင့် ရှိပါတယ်။ အရေးယူဖို့ ပျက်ကွက်မယ်ဆိုရင် ကျူးလွန်သူတွေကို ပိုပြီး ရဲတင်းလာစေဖို့ အားပေးသလိုဖြစ်မှာဖြစ်ပြီး အကြမ်းဖက်မှုသံသရာကို ပိုမိုနက်ရှိုင်းစေကာ သားကောင်ဖြစ်ရသူတွေရဲ့ အခြေခံတရားမျှတမှုရပိုင်ခွင့်ကို ငြင်းပယ်ရာ ရောက်ပါလိမ့်မယ်” ဟု ဆိုသည်။

၂၀၂၅ ခုနှစ် မတ်လ ၁၈ ရက်တွင် အာတာအူလာကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အမှုစစ်ဆေးနေသော်လည်း ARSA အဖွဲ့ကျူးလွန်ခဲ့သည့် နိုင်ငံတကာ ရာဇဝတ်မှုများကို တရားစွဲဆိုခြင်းမရှိဘဲ ပြန်လည်လွတ်မြောက်မည်ကို စိုးရိမ်ကြောင်း Fortify Rights ဆိုသည်။

ထို့ပြင် Fortify Rights ၏ ဦးဆောင်ကော်မတီတွင် ဉပဒေ၊ သံတမန်ရေး၊ ပညာရေး၊ အစိုးရ၊ အနုပညာနှင့် လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်ရေးနယ်ပယ်အသီးသီးမှ ခေါင်းဆောင်များပါဝင်ပြီး ဒုစရိုက်မှု၊ ဒီမိုကရေစီနှင့် နိုင်ငံတကာတရားမျှတမှုဆိုင်ရာ ကိစ္စရပ်များကို ဆယ်စုနှစ်ပေါင်းများစွာ ဖြေရှင်းခဲ့ကြသူများ ဖြစ်သည်။

လက်ရှိတွင်လည်း ARSA အဖွဲ့သည် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းနှင့် နယ်စပ်တို့တွင် အခြေစိုက်ပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ်ကနေ မောင်တောခရိုင်သို့ ခိုးဝင်ကာ ရခိုင်ဒေသခံများကို အကြမ်းဖက် သတ်ဖြတ်မှုများ မကြာခဏ လုပ်နေသည်။

ယင်းအပြင် ARSA အဖွဲ့သည် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက လူငယ်များကို အတင်းအဓမ္မ လူသစ် စုဆောင်းခြင်းများ၊ မွတ်ဆလင်လူမျိုး အချင်းချင်း အကြမ်းဖက်မှု၊ မုဒိန်းမှုများဖြစ်ပေါ်နေပြီး လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေကြောင်း ရခိုင်ဒေသနေ မွတ်ဆလင်များကလည်း ပြောဆို ကြသည်။

အလားတူ ရခိုင်ပြည်နယ်စပ်တွင်လည်း ARSA အဖွဲ့သည် ပြည်သူများကို ညှင်းပန်း နှိပ်စက်ခြင်း၊ အကြမ်းဖက် သတ်ဖြတ်ခြင်းများလုပ်နေသဖြင့် ထိထိရောက်ရောက် အရေးယူပေးစေချင်ကြောင်း မောင်တောဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

“တဖက်မှာလည်း နယ်စပ်ဒေသမှာ ဖြစ်နေကြတဲ့၊ ပြည်သူတွေကြုံနေကြတဲ့ အခက်အခဲတွေကို သေချာစဉ်းစားသင့်တယ်။ ပြည်သူတွေဟာ တစ်နေရာက တစ်နေရာ အသွားအလာကအစ၊ မိသားစု စားဝတ်နေရေးကအစ အခက်အခဲ အမျိုးမျိုး ရင်ဆိုင်နေရတယ်။ သူတို့တွေ (အာဆာ)ကြောင့်လည်း ဖြစ်တယ်။ တစ်နေရာကတစ်နေရာ မသွားရဲဘူး။ ဟင်းမရှာရဲ၊ ငါးမရှာရဲဘူး။ အပြင်ထွက်ရင်လည်း အမျိုးမျိုးနှိပ်စက်ခံနေရတယ်။ ဒါကြောင့် ICC ကလည်း အာဆာခေါင်းဆောင် ဖမ်းဝရမ်းထုတ်မယ့်ကိစ္စကို အလေးနက်ထားပြီး ဆောင်ရွက်စေချင်တယ်” ဟု မောင်တောဒေသခံ အမျိုးသားတစ်ဦး က ဆိုသည်။

ထို့အတူ မွတ်ဆလင်ဒုက္ခသည်များကို ပစ်မှတ်ထား သတ်ဖြတ်မှု၊ ပြန်ပေးဆွဲမှု၊ နှိပ်စက်မှုများ ကျူးလွန်နေသည့် ARSA အဖွဲ့၏ ခေါင်းဆောင် အာတာအူလာကို ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် ICC သို့ လွှဲပြောင်းပြီး စစ်ဆေးအရေးယူသင့်ကြောင်း ၂၀၂၅၊ မတ်လ ၁၈ ရက်ကလည်း Fortify Rights အဖွဲ့က ဘင်္ဂလားဒေ့ရှ် အစိုးရထံ တောင်းဆိုခဲ့ကြောင်း ဆိုသည်။

ယင်းအပြင် ARSA အဖွဲ့သည် ရခိုင်ပြည်၊ ဘူးသီးတောင်၊ မောင်တော တိုက်ပွဲများတွင် အာဏာသိမ်းစစ်တပ်နှင့် ပူးပေါင်းပြီး အာရက္ခတပ်တော်ကို ခုခံတိုက်ခိုက်ကာ နေအိမ်မီးရှို့မှုများလည်း လုပ်ခဲ့ကြောင်း ဘူးသီးတောင်မြို့ခံများက ပြောကြသည်။

ရခိုင်တွင် ၂၀၂၃၊ နိုဝင်ဘာလမှ ၂၀၂၆၊ ဖေဖော်ဝါရီလအထိ ARSA အပါအဝင် မွတ်ဆလင်လက်နက်ကိုင်များ၏ တိုက်ခိုက်မှုကြောင့် အရပ်သား ၁၆၂ ဦး သေဆုံးပြီး ၂၂ ဦး ဒဏ်ရာရရှိခဲ့ကာ ပျောက်ဆုံးသူ အယောက် ၃၀ ဦးခန့် ရှိနေကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာပူးပေါင်းရေးရုံး (HDCO) ၏ စစ်တမ်းတွင် ဖော်ပြသည်။

ထိုအထဲတွင် ရခိုင်လူမျိုး ၁၃၇ ဦး၊ မွတ်ဆလင် ၃၅ ဦး၊ ဟိန္ဒူ ၃၄ ဦး၊ ခမီ ၁၃ ဦး၊ မြို ၆ ဦးအပါအဝင် သက္ကမ ၄ ဦးပါဝင်ကြောင်း သိရသည်။

DMG