စစ်တွေ ရွှေမင်းဂံရေတပ်ကို AA ထိုးစစ်ဆင်နေ

By MPM 4 မတ်, 2026 👁 4

ရခိုင်ပြည်၊ စစ်တွေမြို့မြောက်ဘက်ရှိ စစ်ကောင်စီ၏ ရွှေမင်းဂံရေတပ်နှင့် ဇော်မဒက်ကျေးရွာအနီးရှိ တပ်စခန်းအချို့ကို ယခုရက်ပိုင်းအတွင်း အာရက္ခတပ်တာ် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များနှင့် ဒေသခံများထံမှ သိရသည်။

AA က ရွှေမင်းဂံရေတပ်ကို မြေပြင်နှင့် ရေကြောင်းကနေ ဝန်းရံပိတ်ဆို့ တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း မြေပြင်၊ ရေပြင် လက်နက်ကြီးပစ်ကူများဖြင့် အပြင်းအထန် ခုခံနေသည်ဟု မြေပြင်စစ်ရေးအခြေအနေ သိရှိသူတစ်ဦးက ပြောသည်။

“ကုန်းကြောင်းနဲ့ ရေကြောင်းနှစ်ဖက် ညှပ်ပြီးတိုက်နေကြာတာလို့ သိရတယ်။ စစ်ကောင်စီဖက်ကလည်း အမှတ် (၁၂) ရဲတပ်ရင်းနဲ့ ကုလားတန်မြစ်ဝမှာရှိတဲ့ နေဗီတွေက လက်နက်ကြီးပစ်ကူတွေ ပေးပြီး ခုခံနေတာ ရှိတယ်။ အခုတိုက်ပွဲဖြစ်နေတဲ့ ရွှေမင်းဂံရေတပ်က စစ်တွေမြို့နဲ့ ၁ မိုင်ကျော်လောက်ရှိ ဝေးတော့တယ်” ဟု ပြောသည်။

စစ်တွေမြို့နယ်အတွင်း တိုက်ပွဲများမှာ စစ်တွေ – ပုဏ္ဏားကျွန်းအစပ်နေရာများ၌ ဖြစ်ပွားရာကနေ လက်ရှိတွင် AA ၏ ထိုးစစ်ဆင်နှင့်အတူ မြို့နှင့် တစ်မိုင်ခန့်အကွာသို့ ရောက်ရှိလာနေပြီဖြစ်သည်။

ပုဏ္ဏားကျွန်းမြို့နယ်နှင့် စစ်တွေမြို့နယ်အစပ်ရှိ ဝါဘိုကျွန်းကို အာရက္ခတပ်တော်က ထိန်းချုပ်ထားပြီး ယင်းမှတစ်ဆင့် တစ်ဖက်ကမ်းရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်ကာ ထိန်းချုပ်နယ်မြေ တိုးချဲ့ရန် ကြိုးပမ်းလာနေခြင်းဖြစ်သည်။

ရွှေမင်းဂံချောင်း၏ တောင်ဘက် စစ်တွေဘက်ခြမ်းတွင် စစ်ကောင်စီ၏ ရွှေမင်းဂံရေတပ်နှင့်အတူ တပ်စခန်းများရှိပြီး AA ထိုးစစ်အတွက် ခံစစ်အခိုင်အမာ ပြင်ဆင်ထားကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

လက်ရှိ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားနေသည့် စစ်တွေ – ပုဏ္ဏားကျွန်းအစပ် တပ်စခန်းများတွင် လူအင်အား၊ လက်နက်ခဲယမ်းများ ဖြည့်တင်းနေပြီး ပုဏ္ဏားကျွန်းမြို့နယ်အစပ်ရှိ အမြင့်ကျွန်း၊ ပါဒလိပ် တပ်ရင်းများသို့လည်း သံချပ်ကာကားများ ပို့ထားကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

လက်ရှိ စစ်တွေမြို့အနီးတွင် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ နေ့တိုင်းကြားနေရသည်ဟု စစ်တွေဒေသခံက ဆိုသည်။

စစ်တွေမြို့ခံ အမျိုးသားတစ်ဦးက “စစ်တွေမြို့ အပြင်ဖက် ရွှေမင်းဂံနဲ့ အမှတ် ၁၂ ရဲတပ်ရင်းဖက်က ပစ်ခတ်သံတွေတော့ နေ့တိုင်း ကြားနေရတယ်။ တိုက်ပွဲဖြစ်နေတယ်လို့တော့ သိရတယ်။ ဒေသခံတွေက အဲဒီဖက်မှာ မရှိတော့ ဘယ်နေရာဆိုတာတော့ မသိဘူး။ မြို့တွင်းအခြေအနေကတော့ ပုံမှန်သွားလာနေကြတာပါပဲ” ဟု ပြောသည်။

စစ်တွေမြို့နယ်တွင် ပစ်ခတ်သံများ ရပ်တန့်နေရာကနေ ဖေဖော်ဝါရီ လကုန်ပိုင်းမှ စ၍ နှစ်ဖက်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနေခြင်းဖြစ်သည်။

စစ်တွေမြို့ မကျရေးက စစ်ကောင်စီအတွက် လွန်စွာအရေးပါသလို အာရက္ခတပ်တော်အနေဖြင့်လည်း ရခိုင်မြောက်ပိုင်းက သိမ်းပိုက်ရန်ကျန်ရှိသည့် တစ်ခုတည်းသော မြို့တော်ဖြစ်သည်။

DMG