စစ်တွေ မြို့လယ်ခေါင်ကို Y12 ဖြင့် ဗုံးကြဲမှု ၆ ဦးထက်မနည်း သေဆုံး၊ ၃၇ ဦးထက်မနည်း ဒဏ်ရာရ

By MPM 24 အောက်တိုဘာ, 2026 👁 177

ရခိုင်ပြည်၊ စစ်တွေမြို့လယ်ခေါင်ကို အာဏာသိမ်းစစ်တပ်က Y12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြို့ခံ ၆ ဦးထက်မနည်းသေဆုံးပြီး ၃၇ ဦးထက်မနည်းမှာ ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၂၃ ရက် နံနက် ၈ နာရီခန့်တွင် စစ်တပ်၏ Y12 လေယာဉ်သည် စစ်တွေမြို့လယ်ခေါင်က လူစည်ကားရာ မောလိပ်ရပ်ကွက်၊ ရွှေငါးလမ်းဆုံနှင့် ယင်းအနောက်ဖက် ကသစ်တောရပ်ကွက်များသို့ ဗုံးကြဲချခဲ့ခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။

“ပွဲချင်းပြီးသေတာက ၆ ယောက်ပါ၊ နေရာက ၃ နေရာ၊ ရွှေငါးစတိုးနားနဲ့ စတိုး အနောက်ဖက်၊ ကသစ်တော ရပ်ကွက်ထဲက နေရာတွေကို ကျတာ။ ၃ နေရာပေါင်း ဒဏ်ရာရတာ ၃၇ ယောက်ပါ။ ဒဏ်ရာပြင်းလို့ ဆေးရုံ ရောက်မှ သေတဲ့လူတွေလည်း ရှိတယ်။ အရေအတွက်တော့ မသိရဘူး” ဟု စစ်တွေမြို့ခံတစ်ဦးက ပြေသည်။

လက်ရှိတွင် ဒဏ်ရာရသူများကို စစ်တွေဆေးရုံကြီးတွင် အရေးပေါ်ဆေးကုနေရကြောင်း ပြောကြသည်။

ယခုအခါ စစ်တွေမြို့သည် ရုတ်ရုတ်သဲသဲဖြစ်နေပြီး မြို့ခံအားလုံးမှာ စိုးရိမ်ထိတ်လန့်မှု မြင့်တက်နေကြာင်း သိရသည်။

“မြို့ထဲမှာ လေယာဉ် ဗုံးကြဲတာဟာ ဒါပထမဆုံးပဲ။ လူတွေကတော့ မြို့ထဲကို လေယာဉ် မကြဲဘူးဆိုပြီး ယုံကြည်ကြတာ။အခုကတော့ အရမ်းကြောက်နေကြပြီ” ဟု နောက်ထပ် မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်တွေ ဗုံးကြဲခံရမှု နောက်ဆက်တွဲသတင်းများကို အချိန်တပြေးညီ ဆက်လက်တင်ဆက်သွားမည်။

စစ်တွေမြို့သည် ရခိုင်ပြည် မြောက်ပိုင်းတွင် အာဏာသိမ်းစစ်တပ်၏ တစ်ခုတည်းသော လက်ကျန်ခံတပ်မြို့ ဖြစ်သည်။

စစ်တွေမြို့တွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက် နံနက်ပိုင်းက လက်နက်ကြီးကျရောက်မှုကြောင့် အရပ်သား ပြည်သူ ၁၂ ဦးထက်မနည်းသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အလားတူ ၂၀၂၆ စက်တင်ဘာလ ၈ ရက်ကလည်း စစ်တွေမြို့ အထက ၄ အနီးကို လက်နက်ကြီး ကျရောက်မှုကြောင့် ဆရာ ၁ ဦးနှင့် ကျောင်းသား ၃ ဦး အပါအဝင် စုစုပေါင်း ၄ ဦး ဒဏ်ရာရရှိခဲ့သည်။

ယင်းအပြင် အောက်တိုဘာ ၈ ရက် ညနေပိုင်းကလည်း စစ်တွေလေယာဉ်ကွင်းအနီး၊ အလိုတော်ပြည့်ဘုန်းတော်ကြီး ကျောင်းရှေ့ရှိ သစ်တောဧရိယာအတွင်းသို့ လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်။

လက်ရှိ AA သည် ငပြီကျွန်းတိုက်ပွဲကို အရောင်ပြကာ စစ်တွေမြို့နယ်ရှိ ဒကစ၊ အမြင့်ကျွန်း၊ ပါဒလိတ်၊ ရေချမ်းပြင်အနီးတို့တွင် တိုက်ပွဲဖော်နေသည်။

စစ်တွေနယ်စပ် ဝီရဌာနီပေါက်တောမြို့နယ် ငပြီကျွန်းကိုကမ်းတက်ရန် ကြိုးစားခဲ့သည့် အာဏာသိမ်းစစ်တပ်၏ တပ်ဖွဲ့ဝင်တစ်ချို့ မှာ လက်ရှိ ကျွန်းပေါ်ပိတ်မိနေပြီး ကျွန်းပေါ်တွင် နှစ်ဘက်တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။

DMG