စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကြောင့် လမိုင်းမြို့က ကိုရင်တစ်ပါး ပျံလွန်တော်မူ

By MPM 13 ဖေ‌ဖော်ဝါရီ, 2023 👁 3

မွန်ပြည်နယ်၊ လမိုင်းမြို့ မော့ကနင်ကျေးရွာအခြေစိုက် စစ်တပ်စီအမြောက်တပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ဟာ စုံစည်မြိုင်ရွာ (ရိုးဖို့ဂေဟ်) ဘုန်းကြီးကျောင်းဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့လို့ ကိုရင်တစ်ပါး ပျံလွန်တော်မှုပြီး ဦးဇင်းတစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁၀) ရက်နေ့ ညနေပိုင်းက ပစ်ခတ်ခဲ့တာဖြစ်ပြီး ကိုရင်ဟာ နေရာမှာပဲ ပျံလွန်တော်မူခဲ့ကာ ဦးဇင်းကိုတော့ လမိုင်းဆေးရုံပို့ဆောင်ထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ပြီးနောက် အထိနာခဲ့တာကြောင့် အမတ (၃၁၇) ကနေ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ စုံစည်း မြိုင်ရွာထဲ (၄) လုံး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် လူနေအိမ်နဲ့ဘုန်းကြီးကျောင်းတွေအတွင်း လက်နက်ကြီးကျည်ကျ ရောက်ပေါက်ကွဲခဲ့တာပါ။

အောင်သပြေနဲ့ လိမ္မော်ခြံရွာကြား သားဂျယ်ခီးနေရာမှာ စစ်ကောင်စီရဲ့ အင်အား (၆၀) ပါစစ်ကြောင်းကို တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ဖေဖော်ဝါရီလ (၁၀) ရက်နေ့မနက်ပိုင်းက ခြုံခိုတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင် စီဘက်က (၂) ဦးသေပြီး (၃) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ရေးမြို့က စစ်ကူလာတဲ့ စစ်ကောင်စီကား (၂) ဦးကိုလည်း သားဂျယ်ခီးမှာ လူနာတင်ပြီး ပြန်ဆင်းချိန်မှာလည်း တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့ကထပ်မံ ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က (၅) ဦးသေပြီး (၃) ဦးထိခိုက်ဒဏ်ရာရရှိကာ ကား (၁) စီးပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၀) ရက်နေ့မနက်ပိုင်းကလည်း လမိုင်းမြို့၊ မော့ကနင်ကျေးရွာအခြေစိုက် စစ်ကောင်စီ အမြောက်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ကနင်ကမော့ကျေးရွာက အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရေးမြို့နယ်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီကြား မကြာခဏ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေသလို စစ်ကောင်စီဘက်က ရေးမြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာထားပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။