စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နဲ့အတူ ကရင်နီပြည်သူ့ရင်ခွင်ထံ ခိုလှုံလာ

0
377
ပုံစာ - လက်နက်နဲ့အတူ ခိုလှုံလာတဲ့ စစ်ကောင်စီတပ်သားတစ်ဦးကို ဆုငွေ ကျပ်သိန်း ၅၀ ပေးအပ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) လက်အောက်ရှိ ကရင်နီပြည်သူ့ရင်ခွင် CDM ဌာနကို လက်နက်နဲ့အတူ ခိုလှုံလာတဲ့ စစ်ကောင်စီတပ်သားတစ်ဦးကို အောက်တိုဘာလ ၂၃ ရက်မှာ ဆုငွေကျပ်သိန်း ၅၀ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ ကရင်နီပြည်သူ့ရင်ခွင်တာဝန်ခံက ပြောသည်။

“လက်နက် ၂ လက်နဲ့ ၀င်လာတဲ့တပ်သားတစ်ယောက်ကို ကျပ်သိန်း ၅၀ ပေါ့နော။ ကျနော်တို့ အဲ့ဒါသူ့ကို ချီးမြှင့်တယ်ပေါ့” လို့ ကရင်နီပြည်သူ့ရင်ခွင်တာဝန်ခံ ကိုယုန်လေးက ပြောပါသည်။

အဆိုပါ စစ်ကောင်စီတပ်သားသည် လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးအခြေစိုက် ခမရ (၅၃၀) တပ်က အသက် ၁၉ နှစ်အရွယ်ရှိသူ ပြည့်စုံဖြိုးဝေဖြစ်ပြီး စက်တင်ဘာလအတွင်းက KNDF တပ်ရင်း (၂) ထံ ဆက်သွယ်ခိုလှုံလာသူဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သား ပြည့်စုံဖြိုးဝေသည် ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်နေ့က လွိုင်ကော်မြို့နယ် ကယန်းသာယာစခန်းမှာ ကင်းစောင့်တာဝန်ကျနေစဉ် MA-3 ၊ M 79 သေနတ်နှစ်လက်နဲ့ ကျည်တောင့် ၂၀၀ ကျော် ယူဆောင်ပြီး ထွက်ပြေးလာခဲ့တယ်လို့ သိရသည်။

ကရင်နီပြည်သူ့ရင်ခွင်ကို အခုလို အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဆုငွေ ချီးမြှင့်ပေးတာရှိပြီး လူထုနဲ့အတူ ရပ်တည်ပြီး ပူးပေါင်းပါဝင်ပေးကြဖို့ ကိုယုန်လေးက ပြောဆိုသည်။

“ဒီထက်ပိုပြီးတော့ ပူးပေါင်းဖို့ အမြဲတမ်းဖိတ်ခေါ်တယ်ပေါ့နော။ ကျနော်တို့က တစ်ယောက်နှစ်ယောက်ထက် လုံး၀ အများလိုချင်တယ်။ တပ်ရင်းအလိုက်၊ တပ်ခွဲအလိုက်၊ စစ်ကောင်စီကိုပုန်ကန်တဲ့မျိုး မြန်မာနိုင်ငံမှာ စံပြဖြစ်တယ် ဆိုတဲ့မျိုးကို လိုချင်တယ်ပေါ့နော” လို့ ကိုယုန်လေးက ဆိုသည်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) လက်အောက်ရှိ CDM ဌာနက စစ်ကောင်စီတပ်သားများအတွက် ကရင်နီပြည်သူ့ရင်ခွင်ကို ဖွဲ့စည်းပြီး လက်ခံရေး အစီအစဉ်တွေကို ပြုလုပ်နေခြင်းဖြစ်ပြီး၊ CDM ဌာန ဖွဲ့စည်းပြီး ၂ နှစ်ကျော်အတွင်း ကရင်နီပြည်သူ့ရင်ခွင်ထံ ခိုလှုံလာသည့် စစ်ကောင်စီလက်အောက်ခံတပ်သား ၁၅၀ ကျော်ရှိပြီလို့ ၎င်းက ပြောဆိုသည်။

ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here