စစ်ကောင်စီက ကုန်စည်စီးဆင်းမှုကန့်သတ်ပိတ်ပင်လို့ ကရင်နီမှာ စားနပ်ရိက္ခာပြတ်တောက်မှာကို စိုးရိမ်နေရ

By MPM 20 ဇူလိုင်, 2023 👁

ကရင်နီ (ကယား) ပြည်ကို ဝင်ရောက်လာမယ့် ကုန်စည်တွေနဲ့ စစ်ဘေးရှောင်လူထုတွေအတွက် စားနပ်ရိက္ခာတွေ ကို စစ်ကောင်စီက ကန့်သတ်ပိတ်ပင်ထားတာကြောင့် ကရင်နီပြည်သူတွေ စားနပ်ရိက္ခာပြတ်တောက်သွားမှာကို စိုးရိမ်နေရတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အဖွဲ့ဝင် ဦးဗညားက ပြောသည်။

ဒါ့အပြင် နေ့စဉ်ရက်ဆက် ဖြစ်ပွားနေသည့် တိုက်ပွဲတွေကြောင့် ဆက်သွယ်သွားလာရေး လမ်းကြောင်းတွေပိတ်ပြီး စစ်ရှောင်တွေဆီကို ကုန်ပစ္စည်းတွေ မရောက်ရှိနိုင်တော့တဲ့ အခြေအနေရှိလာကြောင်းလည်း ဒေသခံများထံက သိရသည်။

IEC အဖွဲ့ဝင် ဦးဗညားက “တဖြေးဖြေး ပိုပြီးကြပ်တည်းလာလိမ့်မယ်၊ စားနပ်ရိက္ခာလမ်းကြောင်းလည်း ပိတ်ဆို့ခြင်း ခံရတယ်။ လက်ကျန်တွေလည်း ကုန်သွားပြီ။ နိုင်ငံတကာအကူအညီလည်း ထင်သလောက် မဝင်လာဘူး။ UN Agency တွေ ကလည်း လုံးဝကို မကယ်နိုင်ဘူး၊ မပံ့ပိုးနိုင်ဘူး။ အဲ့ဒီအတွက်ကြောင့်မလို့ ပိုပြီးတော့မှ ခက်ခဲတဲ့အခြေအနေကို ဒီလပိုင်းဆိုရင် တွေ့ရလိမ့်မယ်လို့ ကြိုပြောရဲပါတယ်” ဟု ပြောဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် နေရာအနှံ့ တိုက်ပွဲဖြစ်ပွားနေသည့် ကရင်နီပြည်မှာ အဓိက အစားအစာဖြစ်တဲ့ ဆန်စပါး စိုက်ပျိုးမှု တဖြေးဖြေး လျော့ကျလာပြီး စုဆောင်းထားသည့် လက်ကျန် ဆန်စပါးတွေလည်း ကုန်လုနီးပါး ဖြစ်နေတယ်လို့ ၎င်းက ဆက်ပြောသည်။

ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် စစ်ကောင်စီထိန်းချုပ်တဲ့ လွိုင်ကော်မြို့ပေါ်ကို တိမ်းရှောင်ကြတဲ့ စစ်ရှောင်ဦးရေဟာ သောင်းဂဏန်း ရှိနေပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာပေးဝေမှုကို UN Agency က ထောက်ပံ့ပေးနေကြောင်း စစ်ရှောင်များကို ကူညီပေးနေသူများထံက သိရသည်။

အဲဒီလိုပေးဝေရာမှာလည်း စစ်ကောင်စီ ထိန်းချုပ်ရာနေရာတွေမှာပဲ စားနပ်ရိက္ခာကို ပေး‌ဝေနိုင်တာကြောင့် ကရင်နီပြည်တွင်းက ကျေးရွာနဲ့ တောတောင်တွေထဲမှာ စစ်ရှောင်နေကြရတဲ့ ကရင်နီ စစ်ရှောင်ဦးရေ ၂ သိန်း ကျော်ကို UN Agency တွေက စားနပ်ရိက္ခာ ထောက်ပံ့ပေးနိုင်မှု မရှိသေးဘူးလို့ ဦးဗညားက ပြောသည်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ကုန်စည်စီးဆင်းမှုတွင်လည်း ကန့်သတ်ခံရမှု နောက်ဆက်တွဲအဖြစ် ကုန်ဈေးနှုန်း မြင့်မားလာတာကြောင့် ဒေသခံလူထုအနေနဲ့ အခြေခံစားသောက်ကုန် ဝယ်ယူနိုင်ဖို့ အခက်အခဲ ရှိနေကြတယ်လို့ စစ်ရှောင်တွေနဲ့ ဒေသခံတွေက ပြောဆိုကြသည်။

အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်တစ်အိတ်ကို ငွေကျပ် အနည်းဆုံး ၈ သောင်း ကနေ ၁ သိန်းကျော်အထိ ပေးဝယ်ရတယ်လို့ ဒေသခံတွေက ပြောဆိုသည်။

ကရင်နီ (ကယား) ပြည်အတွက် ကုန်သွယ်ရေးအရ အရေးပါတဲ့ မိုးဗြဲမြို့တွင် လက်ရှိအချိန်၌ စစ်ကောင်စီက ပြည်ထောင်စုလမ်းမကြီး တလျှောက်ကို နေရာယူ တပ်စွဲထားသည့်အပြင် ကုန်သွယ်ရေး စီးဆင်းမှုကိုလည်း ကန့်သတ်ထားတယ်လို့ မိုးဗြဲဒေသခံတွေဆီက သိရသည်။

အလားတူ တောင်ငူ – လိပ်သို – ယာဒို ဘက်ကနေ ကုန်စည်စီးဆင်းမှု လမ်းကြောင်းမှာလည်း လတ်တလောတွင် တိုက်ပွဲ ဖြစ်ပွားနေတဲ့အတွက် စစ်ရှောင်လူထုအတွက် စားနပ်ရိက္ခာရရှိဖို့ ပိုမိုကြပ်တည်းနေတယ်လို့ စစ်ရှောင်များကို ကူညီပေးသူ ဦးဖိုးဇော်က ပြောဆိုသည်။

“လွန်ခဲ့တဲ့ ၃ လလောက်ကတည်းက ဒီလမ်းကြောင်းကို ပိတ်ထားတယ်။ စားနပ်ရိက္ခာတင်တာတောင်မှ အကန့်အသတ်လေးနဲ့ တင်ခွင့်ပေးတယ်ဆိုတော့ အခုလိုမျိုး တိုက်ပွဲတွေ ဖြစ်လာတယ်။ စစ်ကြောင်းတွေ ထပ်ပြီးတော့ အင်အားတွေ ထပ်ချဲ့တယ်ဆိုတော့ လမ်းကြောင်းက ပိတ်သထက်ပိတ် သွားပြီပေါ့နော။ ပိုပိုပြီးတော့ ဆိုးလာမယ့် အနေအထားရှိတယ်။ ဆန်ရိက္ခာလမ်းကြောင်း ပိတ်ပြီ၊ ဒေသခံတွေ ပြီးခဲ့တဲ့နှစ်က စိုက်ပျိုးထားတဲ့ တချို့စပါးတွေကလည်း ရေရှည်ကျရင် ကုန်မှာပဲလေ။ အခုတောင် တောင်ငူကနေ မှာစားရတဲ့ အနေအထားပေါ့။ အခုဆိုရင် ဒီတိုက်ပွဲကြောင့် ပိုကြပ်လာမယ့် အနေအထားတွေ‌ ဖြစ်နိုင်တယ်။ စစ်ရှောင်တွေ ပိုပြီးခက်ခဲလာနိုင်မယ့် အနေအထား ရှိပါတယ်” ဟု ဦးဖိုးဇော်က ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ ဒေသတွင်းတိုက်ပွဲတွေကြောင့် ဒေသခံလူထု ၂ သိန်း ကျော်ဟာ မိမိနေရပ်ကို စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့၏ စာရင်းများအရ သိရသည်။

ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။