တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ မြို့တွင်း လုံခြုံရေးကို တိုးမြှင့်ထားသည့် ရခိုင်က စစ်ကောင်စီထိန်းချုပ်ဆဲ ကျောက်ဖြူမြို့တွင် အကျဉ်းသားအချို့ ထောင်ဖောက် ထွက်ပြေးမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖေဖော်ဝါရီ ၃ ရက်၊ နေ့လည် ၁ နာရီခန့်တွင် အကျဉ်းသားများကို အလုပ်ခိုင်းရန် ခေါ်ထုတ်လာစဉ် အကျဉ်းသား ၃ ဦးထက်မနည်းမှာ ထောင်ဝန်ထမ်းကို တိုက်ခိုက်ကာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။
“မနေ့က မြို့မ သင်္ချိုင်းနားမှာ သေနတ်နဲ့ ပစ်ပြီးတော့ ဖမ်းကြတာ။ တစ်ယောက်ကိုတော့ ပြန်ဖမ်းမိတယ်။ အခု ဂတ် (ရဲစခန်း) မှာ ချုပ်ထားတယ်” ဟု ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ထွက်ပြေးသွားသည့် အကျဉ်းသားများအနက် အကျဉ်းသားတစ်ဦးကို ယမန်နေ့၊ ည ၉ နာရီခန့်တွင် ပြန်လည်ဖမ်းဆီးရမိခဲ့သော်လည်း ကျန်အကျဉ်းသားများမှာ ထွက်ပြေးလွတ်မြောက်နေကြောင်း သိရသည်။
လွတ်မြောက်နေသည့် အကျဉ်းသားများမှာ ခိုးဆိုး၊ လုယက်မှုတို့ဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူများဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိ လွတ်မြောက်နေသည့် အကျဉ်းသားများအား စစ်ကောင်စီက မြို့အနှံ့လိုက်လံရှာဖွေနေပြီး မြို့တွင်း လုံခြုံရေးကိုလည်း တင်းကျပ်ထားကာ ဧည့်စာရင်းစစ်ဆေးခြင်း၊ ကင်းပုန်းဝပ်ခြင်းတို့ ရှိနေသည်။
“စစ်သားတွေရော၊ ရဲတွေရော ရှာနေကြတာ၊ တချို့က တစ်အိမ်တက်၊ တစ်အိမ်ဆင်း လိုက်မေးနေကြတယ်။ တချို့ကလည်း မော်တော်ကားတွေနဲ့ ဟိုရပ်ကွက်ကို ဝင်၊ ဒီရပ်ကွက်ကို ထွက်နဲ့ အလုပ်ရှုပ်နေကြတာ။ လွတ်မြောက်သွားသူတွေက တကယ့်ရာဇဝတ်သားတွေဆိုတော့ လူတွေကလည်း ကြောက်လန့်နေကြတယ်” ဟု နောက်ထပ် ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
စစ်ကောင်စီထိန်းချုပ်ဆဲ ကျောက်ဖြူမြို့တွင် ခိုးဆိုး၊ လုယက်မှု စသည့် ဒုစရိုက်မှုများ မကြာခဏဖြစ်ပွားနေချိန် ထိုသို့ ဒုစရိုက်မှုဖြင့် ထောင်ကျနေသူများပါ ထွက်ပြေးလွတ်မြောက်နေ၍ မြို့ခံများက စိုးရိမ်နေကြသည်။
လက်ရှိ ကျောက်ဖြူမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်နှင့် မြို့အနီး ကျေးရွာအချို့ကို စစ်ကောင်စီ ထိန်းချုပ်ထားပြီး မြို့ပေါ်နှင့် ၁၃ မိုင်အကွာနေရာတို့တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲနေ့စဉ် ဖြစ်ပွားနေသည်
ကျောက်ဖြူမြို့တွင် ခိုးဆိုး၊ လုယက်မှုစသည့် ဒုစရိုက်မှုများ ဖြစ်ပေါ်လျက်ရှိနေပြီး စစ်ကောင်စီ၏ ကိုင်တွယ်မှုအားနည်းကာ တရားဥပဒေမိုးစိုးမှု ကင်းမဲ့နေခြင်းတို့ကြောင့် မြို့ခံများကြား စိုးရိမ်ထိတ်လန့် စွာနေထိုင်နေကြရသည်။
DMG
