စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ပြန်လည်ထူထောင်ရေး ကိုယ်ထူကိုယ်ထသာလုပ်ဆောင်နေကြရ

By MPM 29 ဧပြီ, 2025 👁

အင်အားပြင်းငလျင်ဒဏ်ကြောင့် ၈၀ ရာခိုင်နှုန်းနီးပါးပျက်စီးခဲ့ရသည့် စစ်ကိုင်းမြို့တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စစ်ကောင်စီရဲ့ထောက်ပံ့ကူညီမှုမရရှိဘဲ မြို့ခံများက ကိုယ်ထူကိုယ်ထသာ လုပ်ဆောင်နေကြရသည်ဟု ပြောဆိုကြသည်။

စစ်ကိုင်းမြို့ခံ နေအိမ်ထိခိုက်ခဲ့သူ အမျိုးသမီးတစ်ဦးက “အစိုးရ လုပ်ပေးလားမပေးလားတော့ မသိဘူး။ အားလုံးကတော့ ကိုယ့်အိမ်နဲ့ကိုယ် ကိုယ့်ဟာကိုယ်လုပ်နေကြတာတွေ့တာပဲ။ အမတို့လည်း အမတို့လုပ်စရာရှိတာလုပ်တယ်။ ဘယ်လိုပြန်ပြင်ရမလဲ အုတ်တံတိုင်းခတ်ဖို့ဘာညာကျန်တာ ဆိုင်ကယ်တွေဘာတွေ ပစ္စည်းထိခိုက်သွားတာတွေ ကိုယ်ဝယ်လို့ရတဲ့အရာဆို ဝယ်လိုက်တယ်။ မဝယ်နိုင်သေးတာဆို ခဏနေလိုက်တယ်။ ဒါလောက် ပါပဲ။ ဖြစ်နေတာလည်းကြာပြီဆိုတော့ ရှင်းပြီးပြီပေါ့” ဟု ပြောသည်။

ဆက်လက်ပြီး အဆိုပါအမျိုးသမီးက “ကိုယ့်ဟာသူ့ဟာ တဲလေးထိုးပြီးတော့ ရှင်းစရာရှိတာရှင်းတယ်။ ကိုယ်လုပ်စရာရှိတာလုပ်ပြီးတော့ ဘုန်းကြီး၊ သီလရှင် တဲထိုးတဲ့သူကထိုး အကုန်လုံးထန်းလျက်တဲ ထိုးပြီးနေတဲ့သူကနေတယ်။ မိုးကာတဲနဲ့ နေတဲ့သူနေတယ်” ဟု ပြောပြသည်။

ထိခိုက်မှုပြင်းထန်ပြီး နေအိမ်၊ အဆောက်အဦ ပြန်လည်တည်ဆောက်ရန် လုံးဝအခက်အခဲရှိနေသူတို့ကို တချို့သော ပရဟိတသမားများက ထရံအိမ်အလုံးလိုက် လှူဒါန်းပေးမှုအပြင် ယိုင်နဲ့ပျက်စီးနေသော အဆောက်အအုံများကို စက်ယန္တရားများဖြင့် အခမဲ့ဖြိုချပေးမှုတို့ လုပ်ဆောင်ပေးနေကြောင်း သိရသည်။

“သူတို့လို ပရဟိတသမားတွေရှိတော့ ဆင်းရဲသားတော်တော်များများတော့ အဆင်ပြေကြပါတယ်။ လက်လုပ်လက်စားသမားတွေပေါ့။ ဘာလို့ဆို သူက အခုလုံးလုံးမတတ်နိုင်တဲ့သူတွေကိုဆို ၆၅ သိန်းတန် အိမ်တွေ ဆောက်ပေးတာဆိုတော့ ပြေလည်ကြမှာပါ” စစ်ကိုင်းမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီကို တရုတ်နိုင်ငံမှ ပြန်လည်ထူထောင်ရေးအတွက် ယွမ် (၁) ဘီလီယမ် ကူညီပေးပို့ထားသလို နိုင်ငံတကာကလည်း အကူအညီအထောက်အပံ့ပစ္စည်းများ၊ ငွေကြေးများ ကူညီထောက်ပံထားသည်။

ပြန်လည်ထူထောင်ရေးကို အမြန်ဆုံးထောက်ပံ့ပေးနေကြောင်း စစ်ကောင်စီက ထုတ်ပြန်ပြောဆိုထားပေမယ့် နေအိမ်ထိခိုက်ပျက်စီးသူများက ထောက်အပံ့ရရှိခြင်း မရှိသေးကြောင်း ပြောဆိုကြသည်။

ငလျင်လှုပ်ခတ်မှု တစ်လကျော်ကြာလာသည့်အထိ ဒေသခံများသည် ကိုယ်ထူကိုယ်ထဖြင့်သာ ကြိုးစားလုပ်ဆောင်နေရခြင်းကြောင့် ပုံမှန်ပြန်လည်နေထိုင်နိုင်ရန် ခန့်မှန်းမရအောင် ကြာမြင့်သွားနိုင်ကြောင်း ပြောဆိုကြသည်။

အဆိုပါ စစ်ကိုင်းမြို့ခံက “အမတို့ဆို အခု ဒါ အုတ်တံတိုင်းပြိုတာ စီးပွားရေးအဆင်ပြေမှ ပြန်ခတ်နိုင်မှာလေ။ အဆင်မပြေရင် ဒီတစ်နှစ်တောင် မပြေဘူးပေါ့။ အခုလောလောဆယ်တော့ ယာယီသံဇကာတွေနဲ့ အဆင်ပြေသလို ခတ်ထားလိုက်တယ် အဲ့လိုမျိုးတွေပေါ့” ဟု ပြောသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ဖော်ပြထားချက်အရ ငလျင်ဘေးအတွက် ပြည်တွင်း/ပြည်ပ အလှူငွေ စုစုပေါင်းကျပ် ၁၀၄ ဘီလီယံကျော် ရရှိထားသလို ပြန်လည်ထူထောင်ရေးအတွက် တရုတ်နိုင်ငံမှ ကျန်းမာရေးနှင့် ကာကွယ်ရေးအဖွဲ့များ စေလွှတ်ထားကြောင်း သိရသည်။

ရှမ်းနီအသံ ပေးပို့သည်။