ကျောက်ဖြူမြို့နယ်၊ အုန်းတောကျေးရွာနှင့် ဂုံးချွိန်ကျေးရွာက ဒေသခံများကို ရွာပြင်မထွက်ရအောင် စစ်ကောင်စီက ပိတ်ဆို့ထားမှုကြောင့် ယခုအခါ ရွာသားများသည် စားနပ်ရိက္ခာပြတ်လပ်မှုကိုကြုံနေရပြီး လက်လုပ်လက်စားများမှာ ထမင်းနပ်မမှန်ဖြစ်နေကြကြောင်း သိရသည်။
အဆိုပါကျေးရွာနှစ်ရွာကို ကျောက်ဖြူတိုက်ပွဲစတင်ခဲ့သည့် ဖေဖော်ဝါရီလမှစ၍ ယနေ့အချိန်ထိ ၃ လကျော်ကြာ ခရီးသွားလာခွင့်နှင့် ရိက္ခာသယ်ယူမှုများကို စစ်ကောင်စီက တင်းကျပ်စွာ ပိတ်ဆို့ထားခြင်းဖြစ်ကြောင်း ရွာသားများက ပြောပါသည်။
ဂုံးချွိန်ကျေးရွာသားတစ်ဦးက “ပိတ်ဆို့မှုဒဏ်ကို တော်တော်လေးကိုခံစားနေကြရတာ။ လက်လုပ်လက်စားတွေဆို ဘယ်လိုမှမခံနိုင်ဘူး။ တချို့ ထမင်းနပ်မမှန်တော့ဘူး။ ကလေးနဲ့ သက်ကြီးပိုင်းတွေဆို အဟာရပြတ်လပ်မှုဒဏ်ကို ရင်ဆိုင်နေရတယ်။ ရိက္ခာတွေကဈေးကြီးပြီး ဝယ်မရတဲ့ အခြေအနေဖြစ်နေတာ” ဟု ပြောသည်။
ဂုံးချွိန်ကျေးရွာသည် ကျောက်ဖြူမြို့နှင့် ၄ မိုင်၊ အုန်းတောရွာသည် ကျောက်ဖြူမြို့နှင့် ၆ မိုင်ခန့်အကွာတွင် တည်ရှိသည်။
ဂုံးချွိန်ရွာတွင် အိမ်ခြေ ၉၀၀ ခန့်နှင့် အုန်းတောရွာတွင် အိမ်ခြေ ၇၀၀ ခန့်ရှိကာ ရွာချင်းစပ်များဖြစ်ပြီး စစ်ကောင်စီတပ်ရင်းများနှင့် နီးစပ်သည့် ကျေးရွာများလည်း ဖြစ်သည်။
ဂုံးချွိန်ကျေးရွာသည် ခမရ (၅၄၂) တပ်ရင်းနှင့် ၁ မိုင်ခန့်အကွာ၊ အုန်းတောရွာသည် အမှတ် (၃၂) ရဲတပ်ရင်းနှင့် ၁ မိုင်ခန့် အကွာတွင်ရှိသဖြင့် ကျေးရွာသားများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အနီးကပ်စောင့်ကြည့်ကာ ရွာပြင်သို့ မထွက်ရအောင် ပိတ်ဆို့ထားခြင်းဖြစ်သည်။
“ကျနော်တို့ရွာတွေက သူတို့ (စစ်ကောင်စီ) နဲ့နီးတော့ အနီးကပ်စောင့်ကြည့်ခံနေရတာ။ ဘယ်ကိုမှ သွားလို့မရဘူး။ တောထဲတောင်ထဲမှာ ဟင်းသွားရှာမယ်ဆိုရင်လည်း မိုင်းထိပြီး သေသွားတဲ့လူတွေရှိတော့ ဘယ်သူမှ တောထဲ မသွားရဲဘူး။ မြို့ကိုသွားမယ်ဆိုရင်လည်း အဖမ်းခံရမှာကြောက်လို့ မသွားရဲဘူး။ ကြာရင် တရွာသားလုံး ငတ်သေမယ့်အခြေအနေ” ဟု အုန်းတောကျေးရွာသားတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် ကျောက်ဖြူမြို့အဝင် ကုန်းလမ်း (ကျောက်တစ်လုံးဂိတ်) အပါအဝင် မြို့နှင့်ထိစပ်လျက်ရှိသော ရေလမ်းကြောင်းများကိုပါ ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာလကစတင်ပြီး ပိတ်ဆို့ထားသဖြင့် လက်ရှိတွင် ဒေသခံများ စားဝတ်နေရေး ကျပ်တည်းနေကြခြင်းဖြစ်သည်။
လက်ရှိတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့သည် ဓညဝတီရေတပ်ဌာနချုပ်အနီးရှိ စစ်တော၊ စည်မော်ကျေးရွာအနီးနှင့် အမှတ် ၃၂ ရဲတပ်ရင်းအနီး မလကျွန်း၊ မင်းတပ်တောင်၊ ပြိုင်းစေ့ကေနှင့် နှမ်းဖဲတောင် ကျေးရွာအနီးတို့တွင် တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။
အောင်ထိန် (DMG) ပေးပို့သည်။