ကျောက်ဖြူတိုက်ပွဲများအတွင်း စစ်ကော်မရှင်က လက်နက်နှင့် လူအင်အားများကို ထပ်မံဖြည့်တင်းနေ

By MPM 8 ဧပြီ, 2026 👁 2

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တိုက်ပွဲများအတွင်း ထိခိုက်သေဆုံးမှုများနေသဖြင့် စစ်ကြောင်းထိုးမှုများ ရပ်နားထားသည့် စစ်ကော်မရှင်သည် လက်နက်ခဲယမ်းများနှင့်အတူ လူအင်အားကို လျို့ဝှက်စွာ ဖြည့်တင်းနေသည်ဟု သတင်းရရှိသည်။

၎င်းလျို့ဝှက်စစ်အင်အားများကို ကျောက်ဖြူမြို့တောင်ဘက် သစ်ပုတ်တောင်၊ဓည၀တီ ရေတပ်ဌာနချုပ်မှတစ်ဆင့် ညအချိန်လျို့ဝှက်ဖြည့်တင်းနေသည်ဟုသတင်းရရှိသည်။

ဧပြီ ၆ ရက်ည ၁၂ နာရီဝန်းကျင်တွင် အင်အား ၂၀၀ ခန့်ကို စစ်သင်္ဘောဖြင့်လျို့ဝှက်ဖြည့်တင်းခဲ့သည်ဟု စစ်ရေးအခြေအနေကိုအနီးကပ်စောင့်ကြည့်နေသူ တစ်ဦးက နိရဉ္စရာကို ပြောသည်။

“ဧပြီ ည ၁၂ နာရီမှာ ရောက်တယ်လို့သိရပါတယ်။စစ်ရေယာဉ်နဲ့ ခေါ်ယူလာပြီး အကုန်ဆိုအင်အား ၂၀၀ ဝန်းကျင်လောက်ပါမယ်။ သူတို့အားလုံးကို ဓညဝတီရေတပ်ဌာချုပ်ကဘဲ တင်ခဲ့ပါတယ်” ဟု ပြောသည်။

စစ်ကော်မရှင်သည် ယခင်အင်အားဖြည့်တုန်းက ကျောက်ဖြူ ဖောင်တော်နှင့် ငလပွေ့ဆိပ်ကမ်းများကို အသုံးပြုပြီး ခလရ ၃၄ သို့ပို့ဆောင်အင်အားဖြည့်ခဲ့သောလည်း ယခုတစ်ကြိမ်တွက်ဓညဝတီရေတပ်ဌာနချုပ်တခုတည်းကိုသာ အင်အားဖြည့်တင်းသည်ကို တွေ့ရသည်ဟု ဆိုသည်။

ဒဏ်ရာရစစ်သားများကိုကျောက်ဖြူအခြေစိုက် ခလရ (၃၄) မှတစ်ဆင့် စစ်တွေနှင့်ရန်ကုန်သို့စစ်ရေယာဉ်များဖြင့် ပို့ဆောင်ပြီး လစ်လပ်သွားသော စစ်သားများနေရာတွင် စစ်မှုထမ်းအသစ်များကိုရန်ကုန်က စစ်ရေယာဉ်များဖြင့်အစားထိုးနေသည်ဟု သိရသည်။

“ဒဏ်ရာရစစ်သားတွေကိုတော့အရင်က နေဗီနဲ့စစ်တွေကို ယူတယ်။ နောက်ပိုင်း စစ်တွေဆေးရုံမှာ မဆံ့တော့ အခု ရန်ကုန်ကိုယူတယ်။ အရာရှိပိုင်းက ဒဏ်ရာရရင်တော့ လေကြောင်းကနေ ရန်ကုန် မင်္ဂလာဒုံ စစ်ဆေးရုံကို ယူသွားတယ်။အခြေအနေအရမ်းဆိုးတဲ့ တချို့တပ်ဖွဲ့ဝင်တွေလည်း ခလရ ၃၄ မှာဆေးကုယင်း သေဆုံးမူတွေရှိနေတယ်” ဟု ပြောသည်။

ကျောက်ဖြူအခြေစိုက် ခလရ ၃၄ တွင်သေဆုံးသူများကိုကျောက်ဖြူ သုဿန်တွင် သဂြိုလ်သဖြင့် မြေစာပုံများပြည့်နှက်နေသည်ဟု သိရသည်။

အာရက္ခတပ်တော်ထိန်းချုပ်နေရာသောနေရာများကို ထိုးစစ်ဆင်ရာတွင်ပြည့်သူ့စစ်မှုထမ်းအသစ်များ သေဆုံးမှုများကာ AA ၏ စစ်ရေးဗျုဟာအောက်တွင် လက်နက်ချ၊ သေဆုံးသူများပြား၍ စစ်ကြောင်းလိုက် ပျောက်ဆုံးသွားသောစစ်ကြောင်းများလည်း ရှိနေသည်ဟု သိရသည်။

နိရဉ္စရာ