ကျောက်တံခါး နံဇကျေးရွာတွင် စစ်ကောင်စီ၏ မီးရှို့ခံရသည့် နေအိမ်အလုံး ၆၀ ကျော် ရှိနေ

By MPM 14 ဩဂုတ်, 2023 👁

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် နံဇကျေးရွာတွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်း စစ်ကောင်စီနှင့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီးနောက် လက်ရှိအချိန်ထိ စစ်ကောင်စီ၏ မီးရှို့မှုခံခဲ့ရသည့် နေအိမ်အလုံး ၆၀ ကျော် ရှိလာကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

ယင်းကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်တာကြောင့် နှစ်ဘက်တပ်များ အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းနှင့် ပထမအကြိမ် တိုက်ပွဲဖြစ်ပွားပြီးနောက် နံဇကျေးရွာအတွင်းရှိ ဒေသခံနေအိမ် ၂၁ လုံးကို စစ်ကောင်စီမှ မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ကျေးရွာအတွင်း၌ပင် စစ်ကောင်စီတပ်က ဆက်လက်တပ်စွဲ နေထိုင်ပြီး ကျေးရွာရှိ နေအိမ်များကို ထပ်မံမီးရှို့ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“စစ်တပ်က ရွာတစ်ရွာကိုဝင်လို့ သူတို့ကို လက်နက်ကိုင်အဖွဲ့က ပြန်ပစ်တယ်၊ ခတ်တယ်ဆိုတာနဲ့ အဲဒီရွာကို သူပုန်ရွာလို့ သတ်မှတ်လိုက်တာပဲ။ အဲဒါကြောင့် အိမ်တွေကို ဖျက်ဆီးတာပေါ့၊ အခုနံဇမှာ နောက်တစ်ခေါက် ထပ်ရှို့တာက တစ်ပတ်ကျော်လောက်တော့ ရှိပြီ။ အိမ် ၆၀ လောက် ပါတယ်လို့တော့ သိရတယ်။ ပထမတိုက်ပွဲ ဖြစ်ကတည်းက စစ်တပ်က ပြန်မထွက်ဘူး၊ ရွာထဲက ခြံတွေအိမ်တွေထဲ ဝင်နေကြတယ်” ဟု ၎င်းက ပြောဆိုသည်။

တိုက်ပွဲ စတင် ဖြစ်ပွားစဉ်ကတည်းက နေအိမ်စွန့်ခွာ ထွက်ပြေးရသော ဒေသခံများမှာလည်း စစ်ကောင်စီက ကျေးရွာအတွင်း တပ်စွဲနေထိုင်မှုကြောင့် လက်ရှိအချိန်ထိ နေရပ်ပြန်မနေရဲကြဘဲ နီးစပ်ရာတွင် ဆက်လက် တိမ်းရှောင်နေကြရသည်ဟု အဆိုပါဒေသခံက ဆက်ပြောသည်။

အမည်မဖော်လိုသည့် အခြားဒေသခံတစ်ဦးက “သူတို့ (စစ်ကောင်စီ) လုပ်နေကျအတိုင်းဆိုရင် နေအိမ်ပြန်လို့ ရလို့ရှိရင်လည်း အိမ်ကပစ္စည်းတွေ တစ်ခုမှကျန်မှာ မဟုတ်ဘူး။ တန်ဖိုးကြီးတာရော မကြီးတာရော သူတို့သုံးလို့ ရတဲ့ဟာဆိုရင် အကုန်ယူကြတာပဲ” ဟု ပြောသည်။

စစ်အာဏာသိမ်းယူခဲ့ပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် မေလ မှ ယခု ၂၀၂၃ ခုနှစ် ဇူလိုင်လကုန် အထိ ကျောက်တံခါးမြို့နယ် အပါအဝင် ပဲခူးတိုင်းဒေသကြီး အရှေ့ဘက်ခြမ်းရှိ မြို့နယ်များတွင် စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးခြင်း ခံထားရသည့် နေအိမ် ၂၀၀ ကျော် ရှိနေကြောင်း အရပ်ဖက်သုတေသန အဖွဲ့အစည်း တစ်ခုဖြစ်သည့် Data for Myanmar ၏ စာရင်းပြုစုချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

အလားတူ ကရင်ပြည်နယ်အတွင်းရှိ ကော့ကရိတ်၊ သံတောင်ကြီး၊ မြဝတီ၊ ဖားအံ၊ ဖာပွန်၊ ကြာအင်းဆိပ်ကြီး မြို့နယ်တို့တွင်လည်း စစ်အာဏာသိမ်းယူခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီ မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ဒေသခံနေအိမ် အလုံးရေ ၁၅၀ ကျော် ရှိလာနေသည်ဟု အဆိုပါအဖွဲ့၏ စာရင်းပြုစုချက်တွင် ဖော်ပြပါရှိသည်။

ထို့အတူ ကျောက်တံခါးမြို့နယ်အတွင်းရှိ ကျေးရွာ ၇ ရွာ ကျော်ရှိ ဒေသခံများသည်လည်း ပြီးခဲ့သည့် ဩဂုတ်လ ဒုတိယပတ်အတွင်း နှစ်ဖက်တပ်အကြား ပစ်ခတ်မှုများနှင့် နယ်မြေ မတည်ငြိမ်မှုများကြောင့် စစ်ဘေးတိမ်းရှောင် ထွက်ပြေးနေကြရပြီး လုံခြုံစိတ်ချရမှုမရှိသည့် အခြေအနေကြောင့် ယနေ့အထိ နေရပ်ပြန် နေထိုင်နိုင်ရန် အခက်အခဲ ရှိနေဆဲဖြစ်ကြောင်း ဒေသခံတို့၏ ပြောဆိုမှုအရ သိရသည်။

ကေအိုင်စီ ပေးပို့သည်။