ကျောက်တော်နှင့် မြောက်ဦးတွင် ကင်းထောက်လေယာဉ် ပျံဝဲနေသဖြင့် ပြည်သူများ စိုးရိမ်

By MPM 9 နိုဝင်ဘာ, 2026 👁 58

အာရက္ခတပ်တော်ထိန်းချုပ်ရာ ရခိုင်ပြည်၊ ကျောက်တော်နှင့်မြောက်ဦးမြို့နယ်တွင် အာဏာသိမ်းစစ်တပ်၏ ကင်းထောက်လေယာဉ်တစ်စီးသည် အချိန် ၁ နာရီကျော်ကြာ ပျံဝဲခဲ့၍ ပြည်သူများအကြား စိုးရိမ်ထိတ်လန့်နေကြောင်း သိရသည်။

ယနေ့ (အောက်တိုဘာ ၇ ရက်)၊ နံနက် ၉ နာရီနှင့် ၁၀ နာရီကျော်တွင် စစ်တပ်၏ ATR 42 MPA အမျိုးအစား ကင်းထောက်လေယာဉ်သည် ကျောက်တော်မြို့နှင့် မြောက်ဦးမြို့နယ်တဝိုက်တွင် လှည့်လည်ပျံဝဲခဲ့ကြောင်း သိရသည်။

“ဒီမှာက ကင်းထောက်ပျံဝဲတာနဲ့ စစ်တပ်ကဗုံးလာကြဲတော့ ကြောက်နေရတယ်။ ကိုယ့်အလုပ်ကိုလုပ်နေကြပေမဲ့ ရင်တထိတ်ထိတ်နဲ့ လန့်ပြီးနေရတယ်။ မနက်ကမြို့ကို ပတ်ပြီးပျံဝဲခဲ့တာ။ မြို့ခံတွေမှာတော့ ကြောက်တဲ့စိတ်နဲ့ပဲ ကြိုးစားရှင်သန်နေရတာပါ။ အမြဲတမ်းကြီးလည်း တခြားနေရာကို မရှောင်တိမ်းနိုင်တော့လေ” ဟု ကျောက်တော်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့အတူ မြောက်ဦးမြို့နယ်တဝိုက်တွင်လည်း စစ်တပ်၏ကင်းထောက်လေယာဉ်သည် နံနက် ၉ နာရီကျော် လောက်မှစကာ နာရီဝက်ခန့်ကြာ ပျံဝဲခဲ့ကြောင်း သိရသည်။

“ကင်းထောက် အခုလိုပျံဝဲရင် သတိထားရမယ်။ ကင်းထောက်ဝဲပြီးရင်တော့ သူတို့ (စစ်တပ်) က ဗုံးကြဲ ချတိုက်ခိုက်တာ တွေလုပ်လေ့ရှိတော့ စိုးရိမ်နေရတယ်။ နောက်ပြီး ဒီနေ့က ဗိုလ်ချုပ်မွေးနေ့ဆိုတော့ နည်းနည်းလေကြောင်းအန္တရာယ်ကို သတိထားဖို့တော့ လိုတာပေါ” ဟု မြောက်ဦးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်တပ်သည် ရခိုင်ပြည်ကို ဒရုန်း၊ လေယာဉ်တို့ဖြင့် ကင်းထောက်မှုများလုပ်ပြီး အရပ်သားများ နေထိုင်ရာ ဆေးရုံ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဈေးနှင့် လူစုလူဝေးနေရာများကို နေ့စဉ် ဗုံးကြဲနေသည်။

စစ်တပ်သည် ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်၊ ညနေပိုင်းကလည်း မြောက်ဦးမြို့၊ ကိုယ်ဝန်ဆောင်ဆေးခန်းနှင့် သားဖွားဆောင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့၍ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ၉ ဦး ‌ဒဏ်ရာရရှိခဲ့သည်။

ယင်းပြင် စစ်တပ်သည် နိုဝင်ဘာ ၅ ရက်၊ ည ၁၁ နာရီကျော်ချိန်တွင် မြောက်ဦးမြို့နယ်၊ နန်းကျားကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး အရပ်သား ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။

DMG