မြိတ်တွင် ဂျိုင်ရိုကော်ပတာဖြင့် ဗုံးကြဲ၍ ကိုယ်ဝန်ဆောင် အပါအဝင် ၄ ဦး သေဆုံး

By MPM 9 နိုဝင်ဘာ, 2026 👁 46

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်တွင် စစ်အုပ်စုတပ်၏ မြေပြင်အထိုင်တပ်စခန်း တိုက်ခိုက်ခံရပြီးနောက် လေကြောင်းမှ ဂျိုင်ရိုကော်ပတာ ၃ စီးဖြင့် ပြန်လည်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် နေ့စေ့လစေ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၄ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

မြိတ်မြို့နယ်၊ တောင်းရှည်ကျေးရွာအုပ်စု၊ တပ်တောင်ရွာတွင် တပ်စွဲထားသည့် စစ်အုပ်စုတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နိုဝင်ဘာ ၆ ရက် နံနက် ၅ နာရီမှ ၉ နာရီခန့်အထိ ၄ နာရီကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် နံနက် ၁၀ နာရီခန့်တွင် တပ်တောင်ကျေးရွာအနီး မဇောကျေးရွာအုပ်စုအတွင်းရှိ အလယ်ကုန်းကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ပြန်လည်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဗုံးသီးများမှာ နေအိမ်နှစ်ဆောင်နှင့် လမ်းမပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ်တစ်ဦးနှင့် နေ့စေ့လစေ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် စုစုပေါင်း အရပ်သား ၄ ဦး သေဆုံးခဲ့ရသလို ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အသက် ၅၀ ခန့်အရွယ် အလယ်ကုန်းရွာသားတစ်ဦးက “တိုက်ပွဲဖြစ်တာကတပ်တောင်မှာ ဗုံးကြဲခံရတာက အလယ်ကုန်းရွာ တခြားစီပဲလေ။ မနက်အစောကြီးကတည်းက တပ်တောင်ဘက်မှာ လက်နက်ကြီးသံတွေ ကြား နေရတယ်။ အတော်လေးကြမ်းတယ်။ တိုက်ပွဲအသံငြိမ်ပြီးတာနဲ့ ဂျိုင်ရိုကော်ပတာက တစ်စီးပြီးတစ်စီးနဲ့ သုံးစီးတက်လာပြီး အလယ်ကုန်းရွာကို ဗုံးကြဲသွားတာ” ဟု ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစတင်၍ စစ်အုပ်စုတပ်သည် တပ်တောင်ရွာတွင် အထိုင်တပ်စွဲနေထိုင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါစခန်းမှာ နန်းတော်ရာရွာအခြေစိုက် အမှတ် (၅၀၁) အမြောက်တပ်ရင်းနှင့် နီးကပ်စွာ တည်ရှိသည်။

အဆိုပါ အမြောက်တပ်ရင်းမှ တပ်တောင်ရွာအနီးတဝိုက်ရှိ ကျေးရွာများကို မကြာခဏ လက်နက်ကြီးများဖြင့် ပစ်ခတ်လေ့ရှိသောကြောင့် ရွာသားများမှာ ဘေးကင်းမည်ဟု ယူဆရသည့် အလယ်ကုန်းကျေးရွာ အပါအဝင် အခြားကျေးရွာများသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြရခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း စစ်အုပ်စုတပ်ဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို မသိရှိရသေးသော်လည်း တိုက်ပွဲဖြစ်ပွားပြီးနောက် မြိတ်မြို့ဘက်မှ စစ်ကားကြီးနှစ်စီးဖြင့် စစ်အုပ်စုတပ်ဘက်မှ စစ်ကူများ ထပ်မံတက်လာ ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် တပ်တောင်ကျေးရွာနှင့် လေကြောင်းမှ ဗုံးကြဲခံရသည့် အလယ်ကုန်းကျေးရွာတို့မှာ ကျေးရွာအုပ်စုချင်းမတူဘဲ ကြားတွင် ပျဉ်ချောင်းကျေးရွာ ခြားလျက်ရှိရာ စစ်အုပ်စုတပ်သည် စခန်းတိုက်ခိုက်ခံရအပြီးတွင် တိုက်ပွဲဖြစ်ပွားရာမဟုတ်သည့် အနီးအနားရှိ အရပ်သားကျေးရွာကို ပစ်မှတ်ထား၍ လေကြောင်းမှ လက်စားချေတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

NMG