ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သိမ်း စစ်ဆင်ရေး ၄ လကြာ တိုက်ပွဲတွင် G1 ၊ ဒုတပ်ရင်းမှူးနှင့် စစ်ကြောင်းမှူး အပါအဝင် ရဲဘော် ၁၃ ဦး ကျဆုံးခဲ့ရကြောင်း CDF – ကန်ပက်လက် တပ်မဟာမှူး၊ ဆလိုင်းထွန်းလိန်းထန်က ပြောသည်။
“ကိုယ့်ဘက်က ထိုးစစ်ဆင်ရတဲ့ စခန်းသိမ်း တိုက်ပွဲဖြစ်တာကြောင့် ရဲဘော်တွေကလည်း ရေကုန်ရေခမ်း မီးကုန်ယမ်းကုန် တိုက်ခိုက်ခဲ့ကြတယ်။ တကယ်ကို ဂုဏ်ယူလေးစားဖွယ်ရာ ဖြစ်တယ်။ ရှေ့တန်းရဲ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြတယ်” ဟု တပ်မဟာမှူး ဆလိုင်းထွန်းလိန်းထန်က ပြောသည်။
ချင်း- မကွေးတိုင်း အစပ်တွင် တည်ရှိ၍ စစ်ရေးအပါအဝင် အချက်အချာကျလှသော ကျင်ဒွေးမြို့သိမ်း စစ်ဆင်ရေးကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်က စတင်ခဲ့ပြီး ၄ လကြာ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားပြီးနောက် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် အပြီးသတ်သိမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ကျင်ဒွေးမြို့သိမ်းတိုက်ပွဲ စတင်ခဲ့သော ပထမနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာပင် CDF – ကန်ပက်လက်၏ G 1 တာဝန်ယူထားသူ ဆလိုင်းဖွေထန်း ကျဆုံးခဲ့ရပြီး ဒီဇင်ဘာလ ၂၉ ရက်နေ့ တိုက်ပွဲတွင် ရဲဘော် ၃ ဦး ကျဆုံးခဲ့ ကြောင်း၊ G1၊ ဒုတပ်ရင်းမှူး၊ စစ်ကြောင်းမှူး၊ မှတ်တမ်းတာဝန်ခံ အပါအဝင် နယ်ပယ်အစုံက ရဲဘော်များ စုစုပေါင်း ၁၃ ဦး ကျဆုံးခဲ့ရသည်ဟု တပ်မဟာမှူးက ပြောသည်။
ကျင်ဒွေးမြို့ စစ်ဆင်ရေးကို PDF ၊ CDF ပူးပေါင်းတပ်ဖွဲ့က စတင်တိုက်ခိုက်ခဲ့ပြီး ၂၀၂၄ မတ်လ ၇ ရက်တွင် ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ပြောင်းလဲကာ အာရက္ခတပ်တော် (AA/ ULA) ၏ စစ်ရေးဦးဆောင်မှုဖြင့် PDF ၊ YDF ၊ GZA ၊ LPDF တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ရာမှ အပြီးသတ် သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
ကျင်ဒွေးမြို့သိမ်းတိုက်ပွဲအပြီးတွင် လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာ၊ ဆေးဝါးပစ္စည်းများအတွက် ကုန်ကျစရိတ် များစွာရှိခဲ့ပြီး လက်ရှိတွင် စစ်ရေးအသုံးစရိတ်အဖြစ် သိန်း ၁ ထောင်ကျော်ခန့် ပေးဆပ်ရန် ကျန်ရှိနေသေးကြောင်း CDF – ကန်ပက်လက်ထံမှ သိရသည်။
ထို့အပြင် လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာနှင့် ဒဏ်ရာရ လူနာအများအပြားကို အချိန်မီ ဆေးကုသနိုင်ရေးအတွက် ပြည်တွင်းပြည်ပ ပြည်သူများ၏ ကူညီထောက်ပံ့မှုများ အရေးပေါ်လိုအပ်နေကြောင်း CDF – ကန်ပက်လက်က ထုတ်ပြန်ထားသည်။
မေလ ၁၃ ရက်သည် CDF – ကန်ပက်လက်၏ တော်လှန်ရေး ၃ နှစ်ပြည့် ဖြစ်ပြီး ယင်းကာလအတွင်း ရဲဘော် ၂၈ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
၃ နှစ်အတွင်း စစ်ကောင်စီနှင့် တိုက်ပွဲပေါင်း ၂၀၀ ကျော် ဖြစ်ပွားခဲ့ပြီး ညီနောင်မဟာမိတ်တပ်များနှင့် ပူးပေါင်း၍ စစ်ကောင်စီတပ်စခန်း တစ်ခုကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
တပ်မဟာမှူး ဆလိုင်းထွန်းလိန်းထန်က “၃ နှစ်တာ တော်လှန်ရေးခရီးကြီးမှာ ကျနော်တို့နဲ့အတူရှိတဲ့ ထောက်ပို့ တပ်သားတွေ၊ ထောက်ပို့ မိဘပြည်သူတွေကို ကျေးဇူးတင်တယ်။ မဟာမိတ် ပီသစွာနဲ့၊ ကျနော်တို့နဲ့အတူ အမြဲတမ်းရှိတဲ့ အကူအညီတွေပေးတဲ့ မဟာမိတ်တွေကို ကျေးဇူးတင်တဲ့အကြောင်းပြောလိုတယ်။ ချင်းညီနောင်နဲ့ ရှေ့လျှောက်ပြီးမှ တိုက်ပွဲတွေကို အများကြီး ဖော်ဆောင်သွားနိုင်ကြဖို့ရန် အတူလက်တွဲပြီးမှ တော်လှန်ရေး ပန်းတိုင် ရောက်သည်အထိ အတူတူဆက်သွားကြမယ်” ဟု ပြောသည်။
CDF – ကန်ပက်လက်ကို ၂၀၂၁ ခုနှစ် ဧပြီလ ၅ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကန်ပက်လက်မြို့နယ်အတွင်း စစ်ကောင်စီကို စတင်တိုက်ခိုက်ခဲ့သော ၂၀၂၁ ခုနှစ်၊ မေလ ၁၃ ရက်ကို CDF – ကန်ပက်လက်၏ တော်လှန်ရေးနေ့ အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
KMG ပေးပို့သည်။