ကရင်နီတွင် ပြည်သူပိုင်ပစ္စည်း ဖောက်ထွင်းယူမှုများကို အရေးယူမည်ဟု IEC နှင့် တပ်ပေါင်းစုပြောဆို

By MPM 13 မေ, 2024 👁

ကရင်နီပြည်အတွင်း ပြည်သူပိုင်အိုးအိမ်ပစ္စည်းများကို ဖျက်ဆီးဖေါက်ထွင်းပြီး ခိုးယူရောင်းချမှု ဝယ်ယူမှု ဖြစ်စဉ်များ ရှိနေပြီး ထိုဖြစ်စဉ်များအား ထိရောက်စွာ အရေးယူသွားမည်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) နှင့် တပ်ပေါင်းစုတို့က မေလ ၁၀ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။

လွိုင်ကော်မြို့တွင် “အရေးပေါ် လွိုင်ကော်မြို့ စီမံထိန်းသိမ်းရေးကော်မတီ” ဆိုပြီး လူထုနှင့် တပ်ပေါင်းစုတို့က စုပေါင်းဖွဲ့စည်းထားသလို ကရင်နီပြည် မည်သည့်နေရာမဆို ပြည်သူပိုင်ပစ္စည်း ဖောက်ထွင်းခိုးယူမှုများနှင့် ပတ်သက်ပြီး အရေးယူနိုင်ရန် ယခုလို ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အထွေထွေအတွင်းရေးမှူး ခူပလုရယ်က ပြောဆိုသည်။

“ပြည်သူလူထုပစ္စည်းတွေ ၊ အများပိုင် ပြည်သူပစ္စည်းတွေလည်း တော်တော်လေး ပျောက်ရှပျက်စီးတာတွေလည်း နေ့တဓူဝ ကြားနေရတယ်။ တချို့လည်း လက်တွေ့မြင်ရတယ်။ တချို့လည်း ဖမ်းဆီးအရေးယူတာလုပ်တယ်။ သို့သော်လည်း အခြေအနေတွေက နည်းနည်းပိုဆိုးတဲ့ အနေအထားမျိုး ဒါကြောင့်မလို့ ERO တွေ ၊ နောက် တပ်ပေါင်းစုတွေနဲ့ တွေ့ဆုံညှိနှိုင်းပြီးတော့ ဒီဟာကို ထိထိရောက်ရောက် အရေးယူဖို့ဆိုတဲ့ အစည်းဝေး ညှိနှိုင်းဆုံးဖြတ်ချက်နဲ့ ထုတ်ပြန်ရခြင်းဖြစ်တယ်” ဟု ခူပလုရယ်က ပြောသည်။

ထုတ်ပြန်ချက်တွင် ပြည်သူများအနေနှင့်လည်း ပြည်သူပိုင်ပစ္စည်း ဖောက်ထွင်းခိုးယူမှုနှင့် ပတ်သက်ပြီး တိုင်ကြားနိုင်တယ်လို့ ဆိုပါသည်။

လွိုင်ကော်မြို့တွင်လည်း တိုက်ပွဲဖြစ်ပွားပြီးနောက် ကျန်ရစ်ခဲ့သည့် ဒေသခံပြည်သူများ၏ နေအိမ်များ ဖောက်ထွင်းခိုးယူခံရမှု အများအပြား ရှိနေကြောင်း သိရသည်။

လွိုင်ကော်ဒေသခံတစ်ဦးက “ အိမ်အများစုကတော့ ခိုးခံရတာများလွန်းလို့ ကုန်နေပြီ။ တချို့ဆို အိမ်အလွတ်ပဲကျန်တော့တယ်။ အိမ်တွင်း ပရိဘောဂပစ္စည်းတွေ အကုန်ယူသွားကြတာ။ အဲ့လိုခိုးယူတဲ့သူတွေကို အပြစ်ပေး အရေးယူစေချင်တယ်။ အခုမှ ထုတ်ပြန်တယ်ဆိုပေမဲ့လည်း နောက်ထပ်ခိုးယူမှုတွေကိုတော့ တားဆီးနိုင်မယ်လို့ ထင်တာပဲ” ဟု ပြောသည်။

အဆိုပါ ထုတ်ပြန်ချက်ကို ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF)၊ ကရင်နီ အမျိုးသားငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ (KNPDP)၊ ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO)၊ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) နှင့် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) စသည့် တပ်ပေါင်းစုများ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

ခူပလုရယ်က “အရေးပေါ် လွိုင်ကော်မြို့ စီမံထိန်းသိမ်းရေးကော်မတီ လူထုနဲ့တပ်ပေါင်းစု ဆိုတာရှိတယ်။ ဒီကို အကျိုးကြောင်း တွေ ပြောလို့ရတယ် ။ IECရဲ့ Facebook messengerကနေ တဆင့် ၊ စင်ကနယ် ကနေတဆင့် လည်း တိုင်ကြားလို့ ရတယ်။ တပ်ပေါင်းစု တစ်ဖွဲ့ချင်းစီသော်လည်းကောင်း ၊ တပ်ပေါင်းစု အစုအဖွဲ့လိုက်ကို သော်လည်းကောင်း တွေ့ရှိချက်တွေကို တိုင်ကြား ပြောပြလို့ရတယ်။ အချက်အလက် တိကျ မည်သူမည်ဝါ ၊ ဘယ်နေ့ ဘယ်ရက်၊ ဘယ်လိုပုံစံမျိုးနဲ့ ဆိုတဲ့ဟာမျိုး ပေးပို့နိုင်ရင်တော့ ဒါပိုပြီးတော့ အထောက်အကူဖြစ်ပါတယ်” ဟု ဆက်ပြောသည်။

ကရင်နီပြည်တွင် စစ်အာဏာသိမ်းကာလက စ၍ လက်ရှိအချိန်ထိ တိုက်ပွဲမဖြစ်ပွားသည့်မြို့ မရှိတော့သလို ဒေသခံပြည်သူ အများစုသည်လည်း အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေကြရပြီး ကျန်ရစ်ခဲ့သည့် ပစ္စည်းများသည် မသမာသူများ၏ ဖျက်ဆီးခိုးယူမှုများ ခံနေကြရခြင်း ဖြစ်သည်။

ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။