ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့ပေါ်ရှိ ဇိုမီးတော်လှန်ရေးတပ်- အရှေ့ပိုင်းတိုင်း (ZRA-EC) တပ်မှူးနှင့် ဒုတပ်မှူးတို့ နေအိမ်များအပါအဝင် ထိုအဖွဲ့ကိုထောက်ပံ့ကူညီပေးနေသူတို့၏ နေအိမ် ၁၈ လုံးကို ချိတ်ပိတ်ထားကြောင်း CDF- တွန်းဇံတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။
တွန်းဇံမြို့ပေါ်ရှိ ZRA – EC တပ်မှူး Kham Min Thang နှင့် ဒုတိယတပ်မှူး Lucas Lian Tuang တို့၏နေအိမ်နှင့် ZRA တပ်ဖွဲ့ကို ကူညီထောက်ပံ့ပေးနေသူတို့၏ နေအိမ် ၁၆ လုံးကို ဥပဒေနှင့်အညီ ချိတ်ပိတ်ထားကြောင်း CDF- တွန်းဇံ စစ်ဦးစီးချုပ် ဦးထန်ဆွင်းမုန်က ပြောသည်။
“အခုဟာက အများကြီး ကျန်သေးတယ်။ ZRA မိသားစုဝင်တွေရဲ့အိမ်၊ သူတို့ကိုယ်ပိုင်အိမ်၊ မိဘအိမ်လားဆိုတာ ZRA supporter တွေလည်း နည်းနည်းရှိသေးတယ်။ စိစစ် ရဦးမယ်။ အမှန်တကယ် ZRA ဖြစ်တယ်ဆိုတဲ့ အိမ်ကိုတော့ ထပ်ပြီးချိတ်ပိတ်ရဦးမယ်။ ZRA လုံးဝ မဟုတ်ဘူး။ ZRA ကို လုံးဝမထောက်ပံ့ဘူး။ မကူညီဘူး ဆိုရင်တော့ အဲဒီအိမ်တွေကိုတော့ ချိတ်ပိတ်ခြင်းမှ ကင်းလွတ်ခွင့်ပြန်ပေးရမှာပဲ” ဟု ဦးထန်ဆွင်းမုန်က ပြောသည်။
ZRA ကို ထောက်ပံ့ကူညီနေသူများအနေဖြင့် အမှားကိုသိပြီး အလင်းဝင်လာသူများ၊ ငြိမ်းချမ်းရေးနှင့် ပြန်လည်ကမ်းလှမ်းလာသူများ၏ နေအိမ်များကို ချိတ်ပိတ်ခြင်းမှ ကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း ဦးထန်ဆွင်းမုန်းက ဆက်ပြောသည်။
ချိတ်ပိတ်ခံထားရသည့် နေအိမ်သည် ZRA ကို ထောက်ပံ့မှုတွင် ဦးဆောင်သူများ၊ အထောက်အပံ့ပေးအပ်သူများ၊ မိသားစုဝင်သားသမီးများက ZRA တပ်ဖွဲ့ဝင်ဖြစ်သူများ၊ ZRA တပ်ဖွဲ့ဝင်၏ နေအိမ်များ ပါဝင်ကြောင်း CDF – တွန်းဇံက ဩဂုတ်လ ၁၈ ရက်က ထုတ်ပြန်ထားသည်။
ZRA တပ်ဖွဲ့နှင့် ဆက်နွယ်မှုရှိ၍ အိမ်ချိတ်ပိတ်ခံထားရသူ ၅ ဦး၏ နေအိမ်များကို သေချာပြန်လည် စိစစ်ပြီးနောက် ကင်းလွတ်ခွင့်ပေးလိုက်ပြီး ဖြစ်ကြောင်း သိရသည်။
“အများပြည်သူက တိုင်ကြားလာလို့ ZRA supporter ဖြစ်ပါတယ်။ စကစ ထောက်ခံသူတွေ ဖြစ်တယ်လို့ အများပြည်သူက တိုင်ကြားလာတယ်။ သေချာစုံစမ်းစစ်ဆေးပြီးမှ သူတို့ကလည်း တောင်းပန်တော့ ZRA ကို ကျနော်တို့က ထောက်ပံ့ပေးခြင်း မရှိပါဘူး။ သူတို့က အတင်းလာတောင်းလို့ ကျနော်တို့က ပေးလိုက်ရတာ ဖြစ်တယ်။ အဲပုံစံမျိုးပြောတဲ့အခါ အဲဒါတွေကြတော့ ကျနော်တို့က ကင်းလွတ်ခွင့်ပေးတာပါ” ဟု CDF- တွန်းဇံ စစ်ဦးစီးချုပ် ဦးထန်ဆွင်းမုန်က ပြောသည်။
ကင်းလွတ်ခွင့်ပြုသည့် ၅ ဦးထဲတွင် တချို့မိသားစုဝင်များသည် CDM တွင်ပါဝင်ခဲ့ပြီး တချို့မှာ CDM နှင့် သက်ဆိုင်မှုမရှိကြောင်း သိရသည်။
၂၀၂၃ ခုနှစ်အတွင်း CDF – တွန်းဇံ စခန်း ၂ ခုကို ZRA တပ်ဖွဲ့များက နှစ်ကြိမ်တိုင် ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး စခန်းများကို မီးရှို့ဖျက်စီးကာ လက်နက်ခဲယမ်းနှင့် စာနပ်ရက္ခာများကို ယူဆောင်သွားခဲ့ကြောင်းသိရသည်။
ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ချင်းတော်လှန်ရေးတပ်ပေါင်းစုသည် တွန်းဇံမြို့သိမ်း စစ်ဆင်ရေးကို မေလအတွင်းက ဖော်ဆောင်၍ တွန်းဇံမြို့နယ်အားလုံးကို သိမ်းပိုက်ထားသည်။
လက်ရှိတွင် CDF – တွန်းဇံက တွန်းဇံမြို့နယ် အုပ်ချုပ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက် နေကြောင်း သိရသည်။
၁၉၉၃ တွင် စတင်ဖွဲ့စည်း၍ စစ်ရေးလှုပ်ရှားခဲ့သော ZRO/ ZRA သည် ၂၀၀၅ ခုနှစ်တွင် အိန္ဒိယအစိုးရနှင့် သဘောတူညီချက်အရ နယ်ခြားစောင့်တပ်အဖြစ် ရပ်တည်၍ မဏိပူရ်ပြည်နယ်တွင် အခြေစိုက်ကြောင်း သိရသည်။
၂၀၁၃ ခုနှစ်တွင် ZPCC/ ZRA ၏ မြန်မာပြည်ခွဲ အဖွဲ့အစည်းအဖြစ် ZPCC/ ZRA (EC) ကို စတင်ဖွဲ့စည်းခဲ့ပြီး တွန်းဇံမြို့၊ ကျီခါးမြို့နှင့် တီးတိန်မြို့နယ်တို့တွင် စစ်ရေးလှုပ်ရှားကြောင်း သိရသည်။
ZRA – EC ၏ နိုင်ငံရေးရည်မှန်းချက်သည် ချင်းပြည်နယ်မြောက်ပိုင်းမှ တီးတိန်၊ တွန်းဇံနှင့် စစ်ကိုင်းတိုင်း ကလေး – ကဘော်ဒေသ တို့ကိုစုစည်းပြီး မြန်မာနိုင်ငံတွင် သီးသန့် ဇိုမီးပြည်နယ်ရရှိရေး ဖြစ်သည်ဟု သိရသည်။
KMG ပေးပို့သည်။