TNLA က သိမ်းဆည်းမြို့များတွင် အရပ်ဘက်-စစ်ဘက် ပူးတွဲအုပ်ချုပ်ရေးဖော်ဆောင်မည်ဟုဆို

By MPM 2 စက်တင်ဘာ, 2024 👁

“၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်သည့် တိုက်ပွဲများအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သိမ်းပိုက်ထားသည့် မြို့နယ်များတွင် အုပ်ချုပ်ရေးယန္တရားများ ပြန်လည်လည်ပတ်နိုင်ရေး ဒေသခံလူထုနှင့် ပူပေါင်းလုပ်ဆောင်သွားမည်ဟု TNLA က ပြောဆိုသည်။

TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တာဘုန်းကျော်က “ကျနော်တို့ သိမ်းလိုက်တဲ့မြို့တွေ၊ ကျနော်တို့ ထိန်းသိမ်းလိုက်တဲ့မြို့တွေကို စီမံအုပ်ချုပ်ဖို့ ကျနော်တို့တာဝန်ရှိတယ်။ ဒီမှာရှိနေတဲ့ ဒေသခံပြည်သူလူထုတွေ စားဝတ်နေရေးပြေလည်ဖို့ အသက်အိုးအိမ် လုံခြုံမှုရှိဖို့ ကျနော်တို့က အကောင်းဆုံး စီမံခန့်ခွဲခွင့်ပေးတယ်။ ဒါတွေအားလုံးကို စီမံခန့်ခွဲရမယ်၊ အုပ်ချုပ်သွားမယ်” ဟု ပြောသည်။

ဆက်လက်ပြီး ဗိုလ်ချုပ်တာဘုန်းကျော်က “နိုင်ငံရေးအရတော့ ကျနော်ထင်တယ် စစ်အာဏာရှင်ကို အခုချိန်မှာ တက်ညီလက်ညီ ကျနော်တို့ ပြုတ်အောင်တိုက်ရမယ်။ အဲ့ဒီနောက်ပိုင်း တဆင့်ရောက်ပြီဆိုရင်တော့ ကျနော်တို့ နိုင်ငံရေးစကား ကောင်းကောင်းပြောကြဖို့ လိုပါတယ်” ဟု ဆိုသည်။

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အရပ်သားများ ပူးပေါင်းပြီး အုပ်ချုပ်ရေးလုပ်ငန်းများကို ပူးတွဲစီမံအုပ်ချုပ်သွားမည့် ၂၀၂၅ ခုနှစ်တွင် ကြားကာလ တော်လှန်အစိုးရ ပေါ်ပေါက်နိုင်ရေး ကြိုးပမ်းသွားမည်ဟု ဗိုလ်ချုပ်တာဘုန်းကျော်က ပြောဆိုလိုက်ခြင်းဖြစ်သည်။

ရှမ်းမြောက်ဒေသတွင် ဖော်ဆောင်နေသည့် “၁၀၂၇ စစ်ဆင်ရေး” ဒုတိယအပိုင်းတွင် TNLA က ထပ်မံသိမ်းပိုက်ရရှိထားသော ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်မြို့တို့ကို ဗိုလ်ချုပ်တားဘုန်းကျော်နှင့် အဖွဲ့တို့က သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း လူထုတွေ့ဆုံပွဲ၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်ဟု TNLA က ဩဂုတ်လ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဗိုလ်ချုပ်တားဘုန်းကျော်နှင့်အဖွဲ့တို့က ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် မြို့နယ်များထဲသို့ သြဂုတ်လ ၁၅ ရက်နေ့မှ ဩဂုတ်လ ၁၈ ရက်နေ့အထိ သွားရောက်ခဲ့ခြင်းဖြစ်သည်။

ထိုခရီးစဉ်အတွင်း ဗိုလ်ချုပ်တာဘုန်းကျော်နှင့် အဖွဲ့က TNLA က ထပ်မံ သိမ်းပိုက်ရရှိထားသည့် မြို့နယ် ၃ မြို့နယ်ထဲက အစိုးရဆိုင်ရာ ဌာနရုံးများ၊ အုပ်ချုပ်ရေးရုံးများ၊ ဆေးရုံများနှင့် စာသင်ကျောင်းများကို သွားရောက်လေ့လာခဲ့ကြသည်။

ဗိုလ်ချုပ်ဗိုလ်ချုပ်တားဘုန်းကျော်က “ကျနော်တို့က ဒီကြားထဲမှာ PSLF က အုပ်ချုပ်မှုတွေ ဖော်ဆောင်တယ်ဆိုပေမယ့်လည်း ကျနော်တို့ ဒီမှာ ရပ်မိ/ရပ်ဖတွေပါနိုင်တဲ့ အစုအဖွဲ့၊ ကော်မတီတွေကို ကျနော်တို့ ဖိတ်ကြားထားပါတယ်။ ကျနော်တို့ စီမံခန့်ခွဲနေတဲ့ဟာက လွှဲချော်မှုရှိတယ်ဆိုရင်တော့ ရပ်မိ/ရပ်ဖကိုယ်တိုင်က ဝင်ပြီးတော့ အကြံဉာဏ်ပေးပါ။ ကျနော်တို့ အမြန်ဆုံး စောစောစီးစီး ဒီလိုကာလအတွင်းမှာ နေလို့ထိုင်လို့အဆင်ပြေအောင် အုပ်ချုပ်မှုတွေ ကမောက်ကမ,မဖြစ်အောင် အကုန်လုံးမှာ တာဝန်ရှိတယ်။ အဲ့လို ဝိုင်းလုပ်ဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ပြောသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA က သိမ်းပိုက်ထားသည့် မြို့နယ်များတွင် အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး CDM ဝန်ထမ်းများပါ ပူးပေါင်းပါဝင်ကြရန်နှင့် အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်ရေး ညှိနှိုင်းမှုများ လုပ်သွားကြရန်လည်း ဗိုလ်ချုပ်တားဘုန်းကျော်က ဖိတ်ခေါ်ထားသည်။

ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီး အမြန်ဆုံးရရှိရေး ဆောင်ရွက်လိုကြောင်း၊ လိုအပ်နေသည့် ကျွမ်းကျင်ဝန်ထမ်းများအတွက် မြို့နယ်များအတွင်းရှိ CDM ဝန်ထမ်းများအားလုံး ပူးပေါင်းပါဝင်ဖို့လည်း ၎င်းက တိုက်တွန်းပြောဆိုခဲ့သည်။

မိုးကုတ်မြို့နယ်ထဲက တနိုင်တပိုင် အသေးစား ကျောက်ရှာဖွေရေးလုပ်ငန်းနှင့် ရိက္ခာများ အလွယ်တကူ သယ်ယူနိုင်ရေးတို့ကိုလည်း အဆင်ပြေချောမွေ့စေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဗိုလ်ချုပ်တာဘုန်းကျော်က ပြောဆိုခဲ့သည်။

PSLF/TNLA ၏ အထွေထွေအုပ်ချူပ်ရေးဌာနမှူး ဗိုလ်မှူးချူပ်တားဂူးဇာရ်ကလည်း မြို့တွင်းအုပ်ချုပ်ရေး ယန္တရားများ ပြန်လည်ပတ်နိုင်ရေး သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနများအနေဖြင့် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ပေးရန် မြို့မိ/မြို့ဖများကို တိုက်တွန်းခဲ့သည်။

ဇွန်လ ၂၅ ရက်နေ့က ပြန်လည်စတင်ခဲ့သည့် “၁၀၂၇ စစ်ဆေးရေး” ဒုတိယပိုင်း၌ TNLA နှင့် PDF ပူးပေါင်းတပ်များက နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် စသည့် မြို့နယ်များကို သိမ်းပိုက်နိုင်ခဲ့သည်။

NMG ပေးပို့သည်။