Starlink ပိတ်ဆို့မှုကြောင့် ရခိုင်အပါအဝင် မြန်မာပြည်ရှိ အရပ်သား ၁၃ သန်းကျော် ဆက်သွယ်ရေးပြတ်သွားနိုင်

By MPM 18 ဇူလိုင်, 2026 👁 80

မြန်မာနိုင်ငံအတွင်း နယ်စပ်ဖြတ်ကျော် ဆိုက်ဘာလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းများကို နှိမ်နင်းရန်အတွက် SpaceX ကုမ္ပဏီက စတားလင့်ခ်(Starlink) ဂြိုဟ်တုအင်တာနက်များကို အလုံးစုံ သိမ်းကျုံးပိတ်ဆို့လိုက်ခြင်းကြောင့် မြန်မာပြည်ရှိ အရပ်သားပြည်သူ ၁၃ သန်းကျော်မှာ ဆက်သွယ်ရေးပြတ်တောက်မှုနှင့် ရင်ဆိုင်ရနိုင်ကြောင်း အရပ်ဘက်လူမှုအဖွဲ့အစည်း ၂၅၅ ဖွဲ့က ပူးတွဲထုတ်ပြန်လိုက်သည်။

အမေရိကန်အစိုးရ၊ SpaceX ကုမ္ပဏီနှင့် နိုင်ငံတကာအဖွဲ့အစည်းများထံ လိပ်မူထားသည့် အဆိုပါထုတ်ပြန်ချက်တွင် ရာဇဝတ်ဂိုဏ်းများကို နှိမ်နင်းမည့် ရည်ရွယ်ချက်ကို ထောက်ခံသော်လည်း ယခုကဲ့သို့ ဒေသအလိုက် အလုံးစုံလွှမ်းခြုံပိတ်ဆို့မှု (Blanket Ban) ကြောင့် ဆိုးရွားလှသော ဘေးထွက်ဆိုးကျိုးများ မရည်ရွယ်ဘဲ ဖြစ်ပေါ်နေရခြင်းအပေါ် အလွန်အမင်းစိုးရိမ်ပူပန်မိကြောင်း ဆိုထားသည်။

“အားလုံး သိမ်းကျုံးဖြတ်တောက်မှုများသည် ရာဇဝတ်မှုကျူးလွန်ရာကွန်ပေါင်းများကို ပစ်မှတ်ထားရန် ရည်ရွယ်သော်လည်း လက်တွေ့တွင် စာသင်ကျောင်းများ၊ ဆေးရုံများနှင့်လူသားချင်းစာနာမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးဝန်ထမ်းများ၏ အဓိကဆက်သွယ်ရေး အသက်သွေးကြောများကို မရည်ရွယ်ဘဲ ဖြတ်တောက်လိုက်သကဲ့သို့ ဖြစ်နေသည်” ဟု အရပ်ဖက်အဖွဲ့အစည်းများက ဆိုသည်။

SpaceX သည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလက ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖြန့်စင်တာများနှင့် နီးစပ်သည့် စတားလင့်ခ်စက် (Terminals) ၂,၅၀၀ ကျော်ကို ပိတ်သိမ်းခဲ့သည်။

သို့သော် မကြာသေးမီက ထပ်မံပိတ်ပင်မှုတွင် ဆိုက်ဘာလိမ်လည်မှုများနှင့် သက်ဆိုင်ခြင်းမရှိသည့် ရခိုင်ပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့ရှိ စက်ပစ္စည်းများပါ ပါဝင်လာခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်က Starlink ဝန်ဆောင်မှုပေးနေသူတစ်ဦးက “မကြာသေးမီက Location Restricted ကြောင့် အပိတ်ခံရတဲ့ Starlink တွေကတော့ Starlink ဘက်က တရားဝင်ခွင့်ပြုမထားတဲ့ Region မှာ အသုံးပြုနေတာကြောင့် ဖြစ်နိုင်တယ်လို့ နားလည်ထားပါတယ်” ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း စစ်ကောင်စီ၏ အင်တာနက်ဖြတ်တောက်မှုများနှင့် စစ်ရေးပဋိပက္ခများကြောင့် မြို့နယ်ပေါင်း ၃၃၀ အနက် မြို့နယ် ၈၀ ခန့်တွင် ပုံမှန်ဆက်သွယ်ရေးလိုင်းများ လုံးဝမရှိတော့ဘဲ စတားလင့်ခ် ဂြိုဟ်တုအင်တာနက်တစ်ခုတည်းကိုသာ အဓိကအားထားနေရသည်။

ယခုကဲ့သို့ အလုံးစုံ လွှမ်းခြုံပိတ်ဆို့ခြင်းများသည် အရပ်သားပြည်သူများနှင့် လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများအပေါ် ကြီးမားသောဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်စေသဖြင့် စတားလင့်ခ့်အနေဖြင့် အလုံးစုံပိတ်ဆို့ခြင်းထက် ဆိုက်ဘာလိမ်လည်မှုစင်တာများကိုသာ ပစ်မှတ်ထား၍ တိကျစွာပိတ်ပင်ရန်အတွက် အလေးအနက်စဉ်းစားပေးရန် အဖွဲ့အစည်း ၂၅၀ ကျော်က တိုက်တွန်းထားသည်။

အလုံးစုံပိတ်ဆို့လိုက်ခြင်းကြောင့် မြေပြင်တွင် လူသားချင်းစာနာမှုနှင့် ဆေးဝါးကုသမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြည်သူလူထု ဘေးကင်းလုံခြုံရေးနှင့် ကြိုတင်သတိပေးချက်များ မရရှိနိုင်ခြင်း၊ ပြည်သူ့ဝန်ဆောင်မှုများနှင့် ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးစနစ်များ အခက်အခဲဖြစ်ခြင်း၊ မြေပြင်သတင်းဌာနများနှင့် အဖွဲ့အစည်းများအနေဖြင့် လူ့အခွင့်အရေး မှတ်တမ်းတင်မှုများ အခက်အခဲ ဖြစ်ပေါ်နိုင်ကြောင်း သုံးသပ်ထားကြသည်။

“ကျွန်တော်တို့ ရခိုင်ပြည်အပါအဝင် ဖုန်းလိုင်း အင်တာနက်လိုင်း အပိတ်ခံထားရတဲ့ ဒေသတွေမှာ ခုလိုမျိုး Starlink တွေ အပိတ်ခံလာရရင် ကုန်စည်စီးဆင်းမှု၊ ဆက်သွယ်ရေး၊ စီးပွားရေး၊ ငွေကြေးလွှဲပြောင်းရေးအပါအဝင် နယ်ပယ်ကဏ္ဍအားလုံးမှာ အခက်တွေ့သွားစေနိုင်ပါတယ်” ဟု ရခိုင်ပြည်က Starlink ဝန်ဆောင်မှုပေးနေသူတစ်ဦးက ပြောသည်။

လက်တွေ့ကျသော ဖြေရှင်းနည်းများအဖြစ် မှတ်တမ်းတင်ထားပြီးဖြစ်သော လိမ်လည်မှုစခန်းများ၏ တည်နေရာ (ကိုဩဒိနိတ်) ပြင်ပတွင်ရှိနေသည့် စက်ပစ္စည်းများကို ဝန်ဆောင်မှုများ ချက်ချင်း ပြန်လည်စတင်ပေးရန်၊ ကျယ်ပြန့်သော ပိတ်ဆို့မှုများအစား တည်နေရာတိကျပြီး အချက်အလက် အခြေပြုသော အရေးယူမှုများဖြင့် အစားထိုးရန် အရပ်ဖက်အဖွဲ့အစည်းများက အကြံပြုထားကြသည်။

မြန်မာနိုင်ငံရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများအနေဖြင့် စက်ပစ္စည်းပိုင်ဆိုင်မှုများကို စိစစ်အတည်ပြုပေးနိုင်ရန် မြေပြင်အရင်းအမြစ်အဖြစ် ဆောင်ရွက်ပေးနိုင်ပြီး ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေကြောင်းနှင့် ထိုသို့ ကူညီဆောင်ရွက်ပေးခြင်းဖြင့် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများနှင့် ရာဇဝတ်မှုဂိုဏ်းများကို ခွဲခြားသိရှိနိုင်ရန် အကူအညီများစွာဖြစ်မည်ဟုလည်း ဆိုသည်။

နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို တိုက်ဖျက်ရာတွင် အပြစ်မဲ့ပြည်သူ သန်းပေါင်းများစွာ၏ အသက်ကို ဆက်ပေးထားသော အသက်သွေးကြောများကို ဖျက်ဆီးပစ်ခြင်းမဖြစ်စေရန်အတွက် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေကြောင်း အရပ်ဘက်အဖွဲ့အစည်း ၂၅၅ ဖွဲ့က ထုတ်ပြန်ထားသည်။

DMG