SCEF နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၊ အစိုးရတို့ တွေ့ဆုံဆွေးနွေး

By MPM 14 မေ, 2026 👁 1

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ-SCEF နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၊ ကြားကာလအစိုးရတို့ တွေ့ဆုံဆွေးနွေးမှုအစည်းအဝေးကို မေလ (၁၃) ရက်နေ့တွင် အွန်လိုင်းမှတဆင့်ပြုလုပ်ခဲ့ကြောင်း နှစ်ဖက်အဖွဲ့မှ ထုတ်ပြန်သည်။

အစည်းအဝေးတွင် အမျိုးသားညီညွှတ်ရေးအစိုးရ – NUG၊ ပြည်ထောင်စုကိုယ်စားပြုလွှတ်တော် – CRPH နှင့် တိုင်းရင်းသားအဖွဲ့ (၄) ဖွဲ့ပါဝင်သော SCEF ဘက်က တွေ့ဆုံရသည့်ရည်ရွယ်ချက်၊ အဖွဲ့၏ ဆောင်ရွက်ချက်များ တင်ပြခဲ့သလို စစ်ကိုင်းဖက်ဒရယ်ယူနစ်ဘက်ကလည်း ၎င်းတို့၏ လုပ်ဆောင်ချက်များကို ပြောဆိုဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

SCEF ၏ အတွင်းရေးမှူးအဖွဲ့ဝင် ဦးအောင်ဆန်းမြင့်က “ဒါက ပမာဏဆွေးနွေးတဲ့သဘောပါပဲ။ ကျနော်တို့SCEF က သွားနေတဲ့ Process နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်မှာ သွားနေတဲ့လုပ်ငန်းတွေကို ဆွေးနွေးကြတာ။ သူတို့ပါမပါလည်းအတည်မပြုရသေးဘူး။ SCEF မှာ ပါဝင်လာဖို့ဆက်ပြီးဆွေးနွေးကြမယ် ဒီလောက်ပါပဲ” ဟု ကေအိုင်စီကို ပြောသည်။

အစည်းအဝေးတွင် SCEF ဘက်မှ အတွင်းရေးမှူးအဖွဲ့ညှိနှိုင်းရေးမှူး ဒေါက်တာဇော်ဝေစိုးနှင့်တွဲဖက်ညှိနှိုင်းရေးမှူးတို့အပါအဝင် ကောင်စီအတွင်းရေးမှူးအဖွဲ့ဝင်များ၊ ကောင်စီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့်ကြားကာလအစိုးရဘက်မှာလည်း ဝန်ကြီးချုပ် ဦးစိုးဦး၊ လွှတ်တော်ဥက္ကဌ ဦးမြင့်ထွေး၊ ဒုဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တော်လှန်ရေးအရှိန်မြှင့်တင်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် အဓိကရည်ရွယ်ပြီး SCEF ကို ပြီးခဲ့သည့်မတ်လ (၃၀) ရက်နေ့က ပြည်နယ်/ယူနစ်ကိုယ်စားပြု၊ ပြည်သူကိုယ်စားပြု၊ အမျိုးသမီးကိုယ်စားပြု မဏ္ဍိုင် (၃) ရပ်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ပြည်နယ်/ယူနစ်ကိုယ်စားပြုမဏ္ဍိုင်အောက်တွင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အနေဖြင့် ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ – KNPP၊ ချင်းအမျိုးသားတပ်ဦး – CNF နှင့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ – KIO/KIA တို့ ပါဝင်ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးအား ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် စီမံခန့်ခွဲရန် ကြားကာလအစိုးရအဖွဲ့ကို အရပ်သားဦးဆောင်မှုဖြင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ ၂၀၂၅ နှစ်က အတည်ပြုဖွဲ့စည်းခဲ့သည်။

၎င်းအစိုးရအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လုံခြုံရေး၊ ကာကွယ်ရေးနှင့်ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

SCEF ၏ ပြီးခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် အဖွဲ့ဝင်အသစ်များတိုးချဲ့နိုင်ရေးကို ရက်ပေါင်း (၆၀) အတွင်း လုပ်ဆောင်မည်ဟု ပြောဆိုခဲ့အပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ်ဖြင့် ယခုလို တွေ့ဆုံနိုင်ခဲ့ခြင်းဖြစ်သည်။

ကေအိုင်စီ