ကနေဒါနိုင်ငံသို့ရောက်ရှိနေသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ-SCEF ကိုယ်စားလှယ်အဖွဲ့က ကနေဒါနိုင်ငံအစိုးရ၊ လွှတ်တော်အဖွဲ့၊ အရပ်ဖက်အဖွဲ့များ၊ ပညာရှင်များ၊ ပြည်ပရောက်မြန်မာနွယ်ဖွားများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ယနေ့ ဇွန်လ (၃) ရက်နေ့တွင် ထုတ်ပြန်သည်။
တိုင်းရင်းသားလက်နက်ကိုင် (၄) ဖွဲ့ ပူးပေါင်းပါဝင်မှုဖြင့် ဖွဲ့စည်းထားသည့် SCEF ကိုယ်စားလှယ်အဖွဲ့၏ ကနေဒါနိုင်ငံခရီးစဥ်အတွင်း အိုတာဝါမြို့၌ နိုင်ငံအစိုးရ၊ လွှတ်တော်အဖွဲ့ဖြင့် တွေ့ဆုံရာတွင် SCEF ဖွဲ့စည်းခြင်းရည်ရွယ်ချက်၊ မြန်မာနိုင်ငံ၏အခြေအနေနှင့် နှစ်ဖက်ပူးပေါင်းလုပ်ဆောင်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့အပြင် မြန်မာနိုင်ငံတွင်တရားဥပဒေစိုးမိုးရေးနှင့် စစ်အုပ်စု၏ အရပ်သားများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်နိုင်ရေး တို့ကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု SCEF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ကနေဒါနိုင်ငံဘက်ကလည်း မြန်မာပြည်သူနှင့်အတူရပ်တည်လျက်ရှိကြောင်း ပြောကြားခဲ့ပြီး နိုင်ငံတကာ လူသားချင်းစာနာမှုအကူအညီများ ဝင်ရောက်နိုင်ရန် ပဋိပက္ခအခြေအနေကို အမြန်အဆုံးသတ်ရန်လိုသည်ဟု အလေးပေးဖော်ပြကြောင်း သိရသည်။
ထို့အတူ SCEF နှင့် ကနေဒါမှအရပ်ဖက်အဖွဲ့များတွေ့ဆုံမှုတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စများပါဝင်သလို ဖက်ဒရယ်ရေးရာကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။
ဆွေးနွေးမှုများကို SCEF ကောင်စီဝင် ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံးမှ စောနီမရို၊ ကရင်နီပြည်ကြားကာလကောင်စီ – IEC မှ နဲနယ်ပလို၊ အမျိုးသားညီညွှတ်ရေးအစိုးရ – NUG မှ ဒေါ်ဇင်မာအောင်တို့အပါအဝင် NUG ယာယီသမ္မတအကြံပေး ဦးကျော်ဇော်တို့ ပါဝင်လုပ်ဆောင်ခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တော်လှန်ရေးအရှိန်မြှင့်တင်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အဓိကရည်ရွယ်ပြီး မတ်လ (၃၀) ရက်နေ့က ပြည်နယ်/ ယူနစ်ကိုယ်စားပြု၊ ပြည်သူကိုယ်စားပြု၊ အမျိုးသမီးကိုယ်စားပြု မဏ္ဍိုင် (၃) ရပ်ဖြင့် SCEF ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ကောင်စီဖွဲ့စည်းပြီးနောက် ကနဦးအဖွဲ့ဝင် KNU၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ – KNPP၊ ချင်းအမျိုးသားတပ်ဦး – CNF နှင့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ – KIO/ KIA၊ NUG နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ – CRPH တို့က SCEF တွင် တခြားပြည်နယ်/ ဖက်ဒရယ်ယူနစ်များ ပိုမိုပါဝင်လာရေး အညာဒေသကိုယ်စားပြုအဖွဲ့များနှင့် ဆက်တိုက်တွေ့ဆုံဆွေးနွေးနေခြင်းလည်း ရှိသည်။
ကေအိုင်စီ