SCEF တွင် ပါဝင်ရေး မကွေးဖက်ဒရယ်ယူနစ် ဆွေးနွေးမှု မပြီးပြတ်သေးဘဲ ဆက်လက်ဆွေးနွေးမည်

By MPM 18 ဩဂုတ်, 2026 👁 59

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ရေးအတွက် ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့သည် တတိယအကြိမ်မြောက် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း မကွေးဖက်ဒရယ်ယူနစ်ထံက သိရသည်။

SCEF အလှည့်ကျသဘာပတိ ခူဦးရယ်လ် ဦးဆောင်သည့်အဖွဲ့နှင့် ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်၊ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်ဌေးဌေးလှိုင်တို့ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ်လ ၁၅ ရက် ညနေပိုင်းတွင် ဒုတိယအကြိမ်မြောက် အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ယင်းတွေ့ဆုံပွဲတွင် SCEF ၏ စုဖွဲ့မှု၊ လုပ်ငန်းဆောင်ရွက်မှုမူဘောင် (Operational Framework) နှင့် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ရန် ဖိတ်ခေါ်အဆိုပြုချက်များကို ရှင်းလင်းတင်ပြခဲ့ပြီး အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့သော်လည်း အသေးစိတ်အချက်အလက်များကို မပြီးပြတ်သေးသည့်အတွက် တတိယအကြိမ် အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးရန် သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။

အဆိုပါ ဆွေးနွေးမှုအခြေအနေနှင့် ပတ်သက်၍ “ထပ်ပြီးလည်း ထုတ်ပြန်ဖို့ ရှိပါမယ်။ အဲ့ဒါလေးလည်း စောင့်ပေးပါဦးနော်။ တရားဝင် သတင်းမထုတ်ခင် သတင်းမထွက်ချင်သေးလို့ပါ” ဟု မကွေးဖက်ဒရယ်ယူနစ် ဒုဝန်ကြီးချုပ် ကိုချစ်ဝင်းမောင်က မဇ္ဈိမကို ပြောသည်။

SCEF သည် ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် အထက်မြန်မာပြည်၏ စစ်ရေးမဟာဗျူဟာကျသည့် စစ်ကိုင်းဖက်ဒရယ်ယူနစ်နှင့် မန္တလေးဒေသတို့ကို ပထမဆုံး အဖွဲ့ဝင်သစ်များအဖြစ် အောင်မြင်စွာ ပေါင်းစည်းနိုင်ခဲ့သည်။

ယခု ဆွေးနွေးလျက်ရှိသည့် မကွေးဖက်ဒရယ်ယူနစ်ပါ တတိယအကြိမ် ဆွေးနွေးပွဲမှတဆင့် SCEF သို့ တရားဝင် အဖွဲ့ဝင်အဖြစ် ပါဝင်လာပါက အထက်မြန်မာပြည်တွင် တော်လှန်ရေးအင်အားစုများ၏ အမိန့်ပေးကွပ်ကဲမှုယန္တရား ပိုမိုကျစ်လစ်အားကောင်းလာမည်ဖြစ်ပြီး စစ်အုပ်စုအတွက် စစ်ရေးနှင့် နယ်မြေစိုးမိုးရေးအရ အကြီးမားဆုံး ခြိမ်းခြောက်မှုတရပ် ဖြစ်လာမည်ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

KNU၊ KIO၊ NUG၊ CRPH၊ KNPP နှင့် CNF စသည့် တော်လှန်ရေးအင်အားစုကြီးများဖြင့် ပြီးခဲ့သည့် မတ်လ ၃၀ ရက်က စတင်ဖွဲ့စည်းခဲ့သည့် SCEF ကို ဖက်ဒရယ်ယူနစ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမဏ္ဍိုင်၊ ပြည်သူ့လူထုကိုယ်စားပြုမဏ္ဍိုင်၊ အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင်ဟူသည့် ထောက်တိုင်သုံးရပ်ဖြင့် တည်ဆောက်သွားမည်ဟု ကနဦးကတည်းက ကြေညာထားသည်။

SCEF ၏ အဓိက ရည်မှန်းချက်မှာ စစ်အုပ်စုအား တခုတည်းသော အမိန့်ပေးကွပ်ကဲမှုနှင့် စစ်ဗျူဟာ (One Command, One Strategy) ဖြင့် အမြစ်ပြတ် တိုက်ခိုက်ချေမှုန်းရန်ဖြစ်ပြီး ယင်းလုပ်ငန်းစဉ်အတွက် KNU နှင့် KIO မှ စစ်ရေးခေါင်းဆောင်များက ပူးတွဲဥက္ကဋ္ဌအဖြစ် ဦးဆောင်ကာ NUG ကာကွယ်ရေးဝန်ကြီးက အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသည့် “စစ်ရေးဆိုင်ရာကော်မတီ” တရပ်ကိုလည်း သီးသန့် အခိုင်အမာ ဖွဲ့စည်းထားကြောင်း SCEF ထံက သိရသည်။

မဇ္ဈိမ