မဏ္ဍိုင်သုံးခုနဲ့ ဖွဲ့စည်းတည်ထောင်ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ SCEF ရဲ့ ပြည်နယ်/ ဖက်ဒရယ်ယူနစ်/ ERO ကိုယ်စားပြုမဏ္ဍိုင်မှာ အဖွဲ့ဝင် ၇ ဖွဲ့ထိ ပါဝင်လာတယ်လို့ စက်တင်ဘာ ၈ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
နွေဦးတော်လှန်ရေးအင်အားစုတွေ အပါအဝင် တိုင်းရင်းသားမဟာမိတ်တွေနဲ့ စုဖွဲ့ထားတဲ့ SCEF မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ် နဲ့ မကွေးဖယ်ဒရယ်ယူနစ်တို့အပါအဝင် မန္တလေးဒေသတို့ အဖွဲ့ဝင်အဖြစ် ပါဝင်ကြဖို့ ကောင်စီဝင်စာရင်းကို ကြေညာခဲ့တာပါ။
စက်တင်ဘာ ၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ SCEF ရဲ့ အစည်းအဝေးမှာ အဖွဲ့ဝင်အဖြစ် ပါဝင်ကြဖို့ သဘောတူထားပြီးဖြစ်တဲ့ အဲဒီသုံးဖွဲ့ကို SCEF ရဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်/EROs ကိုယ်စားပြုမဏ္ဍိုင် အောက်ရှိ အဖွဲ့ဝင်အသစ်တွေအဖြစ် အတည်ပြုခဲ့ကြတာ ဖြစ်ပါတယ်။
ဒါကြောင့် SCEF ရဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်/EROs ကိုယ်စားပြုမဏ္ဍိုင်မှာ တိုင်းရင်းသားမဟာမိတ်တွေဖြစ်တဲ့ KIA ၊ KNU ၊ CNF နဲ့ ကရင်နီတို့အပြင် အခုခါမှာ စစ်ကိုင်းနဲ့မကွေးက ဖယ်ဒရယ်ယူနစ်နဲ့ မန္တလေးဒေသတို့လည်း ပါဝင်လာတာပါ။
CDM ဗိုလ်ကြီး ဇင်ယော်က အဖွဲ့ဝင်တွေ တိုးလာတာဟာ စည်းလုံးမှု အင်အားတစ်ရပ်ဖြစ်ပေမယ့် ကျန်တဲ့ ရှမ်း၊ ရခိုင်နဲ့ ချင်းတောင်က အဖွဲ့တွေကို ချိတ်ဆက်နိုင်ခြင်း မရှိသေးဘူးလို့ ထောက်ပြပါတယ်။
“အဖွဲ့ဝင်တွေ တိုးလာတာကတော့ စည်းလုံးမှု အင်အားတစ်ရပ်ပေါ့။ ဒါပေမယ့် အဖွဲ့ဝင်တွေ တိုးလာတာကလည်း နဂိုတုန်းက NUG/MOD အောက်မှာ တွဲပြီးတော့ လုပ်နေတဲ့ အဖွဲ့တွေပဲ။ ဟိုဘက်က KIA KNU KNPP CNA တို့ဆိုတာလည်း နဂိုကတည်းက မိတ်ဖက်မဟာမိတ်ရှိတဲ့ အဖွဲ့တွေပဲ။ အဲဒီတော့ ကျွန်တော်တို့ ပြောရမယ်ဆိုရင် ဒီဘက် ရှမ်းပြည်မှာ ရှိတဲ့အဖွဲ့တွေ ရခိုင်နဲ့ ချင်းတောင်မှာ ရှိတဲ့ အဓိက အဖွဲ့တွေကို သွားပြီးတော့ ချိတ်ဆက်နိုင်ခြင်း မရှိသေးတာကို တွေ့ရတာပေါ့နော်” လို့ ဆိုပါတယ်။
SCEF အနေနဲ့ “မူဝါဒတရပ်တည်း၊ မဟာဗျူဟာတရပ်တည်း” ဆိုတဲ့ မူဝါဒကို ချမှတ်ကျင့်သုံးပြီး စစ်ရေး၊ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးကဏ္ဍတွေကို ဟန်ချက်ညီပူးတွဲဖော်ဆောင်ကာ ပိုမိုကျယ်ပြန့်တဲ့ နိုင်ငံရေးကိုယ်စားပြုမှုဖြစ်အောင် မဟာမိတ်အင်အားစုတွေနဲ့ ဆက်လက်ပူးပေါင်းညှိနှိုင်းပြီး လက်တွဲဆောင်ရွက်သွားမယ်လို့ အသိပေးထားတာပါ။
ဒီအတွက် ပြီးခဲ့တဲ့ ဇူလိုင် တတိယပတ်တုန်းက AA ၊ မွန် နဲ့ ပအိုဝ်း စတဲ့ တိုင်းရင်းသားအင်အားစုတွေအပြင် နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု SRA နဲ့ အခြားတော်လှန်ရေးအင်အားစုတွေကို SCEF က သီးခြားစီ တစ်ဖွဲ့ချင်းဖြစ်စေ အုပ်စုလိုက်ဖြစ်စေ ပထမကြိမ် တွေ့ဆုံခဲ့ကြပါတယ်။
အဲဒီနောက်ပိုင်း ဩဂုတ်လအတွင်း ဗမာလူမျိုးစုအခြေပြု တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ SCEF တို့ ထပ်မံတွေ့ဆုံခဲ့ကြပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်နဲ့ မန္တလေးဒေသတို့ SCEF အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ သဘောတူညီချက်တွေ ရရှိခဲ့ကြတာပါ။
လက်ရှိ ပြည်နယ်/ဖက်ဒရယ်ယူနစ်/EROs ကိုယ်စားပြုမဏ္ဍိုင်မှာ အဖွဲ့ဝင် ၇ ဖွဲ့၊ ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH တို့ ရှိနေပေမယ့် အမျိုးသမီးကိုယ်စားပြု/ကိုယ်စားလှယ်များမဏ္ဍိုင်မှာတော့ ကိုယ်စားပြုမှု မရှိသေးပါဘူး။
အဲဒီ မဏ္ဍိုင်သုံးရပ်ကို အခြေခံပြီး စစ်ရေး၊ နိုင်ငံရေး၊ ဖက်ဒရယ်ရေးနဲ့ အင်စတီကျူးရှင်းဆိုင်ရာ ကိစ္စရပ်တွေကို ညှိနှိုင်းဦးဆောင်ကာ လမ်းညွှန်အကောင်အထည်ဖော်နိုင်ဖို့ SCEF ကို ၂၀၂၆ ခုနှစ် မတ် ၃၀ ရက်နေ့မှာ ဖွဲ့စည်းထားတာပါ။
စစ်ရေးစုဖွဲ့မှုနဲ့ ပတ်သက်ပြီး SCEF အနေနဲ့ စစ်ရေးဆိုင်ရာဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားတာပါ။ အဲဒီကော်မတီကို SCEF ရဲ့ မဟာဗျူဟာနဲ့ မူဝါဒရေးရာဦးဆောင်အဖွဲ့က တိုက်ရိုက်ကွပ်ကဲတာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီရဲ့ ပူးတွဲဥက္ကဋ္ဌတွေအဖြစ် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU စစ်ဦးစီးချုပ်တို့ကို ခန့်အပ်ထားပြီး အတွင်းရေးမှူးကိုတော့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးက တာဝန်ယူထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်ပထမပတ်အတွင်း ကျင်းပခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်မှူးကြီးများအစည်းအဝေးမှာ SCEF ရဲ့ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီမှာ မဟာဗျူဟာကျကျ ပါဝင်လုပ်ဆောင်နိုင်ရေးအတွက် ရှေ့လုပ်ငန်းစဉ်အဖြစ် ချမှတ်ထားတာပါ။
စစ်ဒေသအသီးသီးမှာ သက်ဆိုင်ရာ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေအားလုံးနဲ့ လက်တွဲပြီး Òပြည်သူ့ခုခံတွန်းလှန်စစ်Ó ကနေ Òမဟာဗျူဟာထိုးစစ်Óကို တက်လှမ်းနိုင်ရေး ဦးတည်ပြင်ဆင် လုပ်ဆောင်သွားကြဖို့ကိုလည်း လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် လောဆယ်မှာတော့ SCEF အနေနဲ့ တပ်ပေါင်းစုအသွင် ဟန်ချက်ညီတဲ့ စစ်ဆင်ရေးတွေ ဖော်ဆောင်တာ မတွေ့ရဘဲ စစ်ရေး၊ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးကဏ္ဍတွေမှာ ပြန့်ကျဲနေတဲ့ အင်အားစုတွေကို တစ်စုတစ်စည်းတည်းဖြစ်အောင် တွေ့ဆုံဆွေးနွေးရေးတွေနဲ့ ညှိနှိုင်းနေတာ ဖြစ်ပါတယ်။
သံလွင်တိုင်းမ်