သျှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ပေါမူကျေးရွာမှဒေသခံများကို ပအိုဝ်းပြည်သူ့စစ် (PNA/PNO) က စစ်ယူနီဖောင်း ဝယ်ယူဝတ်ဆင်ခိုင်းပြီး စစ်သင်တန်းဆင်းပွဲတွင် အင်အားပြခိုင်းခဲ့ကြောင်း သင်တန်းဆင်းပွဲ တက်ရောက်ခဲ့သူများထံမှ သိရသည်။
စက်တင်ဘာ ၃၀ ရက်နေ့က PNA/PNO က တောင်ကြီးမြို့နယ် ပေါမူကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် တစ်အိမ်လျှင် ကျပ်ငွေ ၅ သောင်းကောက်ယူပြီး အသက် ၁၈ နှစ်မှ အသက် ၅၀ ကြားရှိ အမျိုးသားများကို စစ်သင်တန်းဆင်းပွဲ တက်ခိုင်းခဲ့သည်ဟု ဆိုသည်။
အဆိုပါ စစ်သင်တန်းဆင်းပွဲတွင် အချို့ဒေသခံများသည် PNA ၏ စစ်သင်တန်းကိုမတက်ရဘဲ စစ်ဝတ်စုံဝတ်ဆင်ပြီး အင်အားပြသည့်ထဲ ပါဝင်ရကြောင်း သင်တန်းဆင်းပွဲတက်ရောက်ခဲ့သူ ပအိုဝ်းလူငယ်တစ်ဦးက ပြောသည်။
“ကျနော်တို့ကို ပြီးခဲ့တဲ့နှစ်ပတ်က PNO ဝတ်စုံကြေးဆိုပြီး ၅ သောင်း လာကောက်တယ်။ အဲ့ကတည်းက စစ်အင်အားပြဖို့အတွက် သွားရမယ်ဆိုတာ ပြောတယ်။ ကျနော်က အရင်တခါ စစ်သင်တန်း ၄ ရက် တက်ဖူးထားတယ်။ တချို့ဆိုရင် စစ်သင်တန်းမတက်ဘဲ သင်တန်းဆင်းပွဲမှာ အင်အားလာပြတာရှိတယ်” ဟု ပအိုဝ်း လူငယ်တစ်ဦးက ပြောသည်။
သျှမ်းပြည်တောင်ပိုင်း ရင်ကင်းစစ်ဒေသတွင် PNA ဦးစီးဖွင့်လှစ်သော အခြေခံစစ်ပညာသင်တန်းဆင်းအခမ်းအနားတွင် စစ်အင်အားနှစ်သောင်းကျော်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း PNA က ဝါဒဖြန့်လူမှုကွန်ရက်စာမျက်နှာတွင် စက်တင်ဘာ ၃၀ ရက်နေ့က ရေးသားထားသည်။
“အင်အားက သူတို့ PNO ကိုယ်ပိုင်လော်ဘီတင်တဲ့ လူစာရင်းအရ နှစ်သောင်းလို့တော့တင်တာပဲ။ အဲလောက်မရှိဘူး။ တစ်သောင်းတောင် မပြည့်ဘူး။ သေချာတာကတော့ အဲဒါ သူတို့စစ်သားတွေ မဟုတ်ပါဘူး။ ဒေသခံတွေပါ” ဟု PNA တွင် စစ်သင်တန်းတက်ခဲ့သည့်လူငယ်က ဆိုသည်။
ပအိုဝ်းပြည်သူ့စစ်သင်တန်းကို ရက်တိုသင်တန်းမျှသာ တက်ရောက်ကြရပြီး ၁၀ ရက်မှ ၁၅ ရက်အထိသာ သင်တန်းတက်ခဲ့ကြရပြီး အခြေခံကျသည့် အလေးပြုနည်းနှင့် ဘယ်ညာလှည့်နည်းသာလျှင် သင်ယူခဲ့ရကြောင်း အဆိုပါလူငယ်က ဆက်ပြောသည်။
PNA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမြင့်အောင်က “ကိုယ့်ဒေသ ကိုယ့်နယ်မြေမှာ ထိန်းကျောင်းနိုင်ဖို့ လူတိုင်းမှာ တာဝန်ရှိတဲ့သဘောမျိုးနဲ့ ကျနော်တို့ လုပ်ဖြစ်တယ်။ ယောက်ျားတိုင်းက အခြေခံစစ်ပညာကို သိတတ်နားလည်ဖို့ သဘောပေါက်ဖို့ လိုအပ်တယ်။ ဒါကြောင့် ပေးဖြစ်တာပါ” ဟု ပြောသည်။
ထိုသင်တန်းဆင်းပွဲတွင် တောင်ကြီး မြောက်ဘက်ခြမ်းဒေသ၊ ဟိုပုံး မြောက်ဘက်ခြမ်းဒေသ၊ ရပ်စောက် အရှေ့ခြမ်းနှင့် ကလောရှိ ပအိုဝ်းတိုင်းရင်းသားဒေသခံများ ပါဝင်ခဲ့ကြောင်း ဗိုလ်မှူးမြင့်အောင်က ထည့်သွင်း ပြောဆိုသည်။
အဆိုပါစစ်သင်တန်းဆင်းပွဲ အခမ်းနားတွင် PNA မှ စစ်ကော်မတီ ဒုတိယဥက္ကဌ ဦးထွန်းနိုင်၊ ဒုတိယဦးစီးချုပ် ဦးနေဝင်းထွန်းနှင့် အတွင်းရေးမှူး ဦးခွန်သိန်းဖေတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ယခုကဲ့သို့ စစ်သင်တန်းဆင်းပွဲကို အင်အားအများပြားနှင့် ပြုလုပ်ခဲ့သည်မှာ ပထမအကြိမ်မဟုတ်ဘဲ ပြီးခဲ့သည့် ဩဂုတ်လ ၂၁ ရက်နေ့တွင်လည်း ပင်လောင်းမြို့နယ်တွင် စစ်အင်အားတစ်သောင်းဖြင့် သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။