PDF – Zoland က စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး မဟာဗျူဟာကျစီမံချက်များ ပြင်ဆင်နေပြီဟုပြောဆို

By MPM 31 မတ်, 2025 👁 8

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် စစ်ရေး၊ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်မှု၌ ပိုမိုအားကောင်းလာစေရန် တပ်စုဖွဲ့မှုပုံစံ၊ တန်းမြင့်သင်တန်းများနှင့် မဟာဗျူဟာကျသည့်စီမံချက်များ ပြင်ဆင်နေပြီဟု PDF-Zoland က ပြောဆိုသည်။

မတ်လ ၃၀ ရက်နေ့တွင်ကျရောက်သည့် ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/ PDF – Zoand) တည်ထောင်ခြင်း ၄ နှစ်ပြည့် ကြေညာချက်တွင် ယခုကဲ့သို့ အသိပေးပြောဆိုခြင်းဖြစ်သည်။

ချင်းပြည်နယ်တွင် ချင်းညီနောင်၊ မဟာမိတ်အင်အားစုတပ်များနှင့်အတူ တိုက်ပွဲဝင်ရင်း အောင်မြင်မှုများစွာရရှိထားသည့် ဇိုမီးလက်နက်ကိုင်တပ်ဖွဲ့အနေဖြင့် စစ်ရေးအတွေ့အကြုံ များစွာရရှိခဲ့ပြီးနောက် အားကောင်း၍ စနစ်ကျသည့် တပ်စုဖွဲ့မှုပုံစံဖြစ်လာပြီဟု ဇိုမီးဖက်ဒရယ်အစည်းအရုံးက မတ်လ ၃၀ ရက်တွင် ကြေညာခဲ့သည်။

ချင်းပြည်နယ်အဆင့် စစ်ရေး၊ နိုင်ငံရေးလှုပ်ရှားမှုတွင် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)၊ ချင်းညီနောင်တို့နှင့် လက်တွဲကာ စစ်အာဏာရှင်စနစ်လက်အောင်မှ ချင်းပြည်တခုလုံး လွတ်မြောက်သည်အထိ ဆက်လက်ကြိုးပမ်းသွားမည်ဟု ဇိုမီးဖက်ဒရယ်အစည်းအရုံးက ထုတ်ပြန်သည်။

ဇိုမီးဖက်ဒရယ်အစည်းအရုံးကို (ZFU/ PDF – Zoland) ကို စစ်အာဏာသိမ်းမှု ဆန့်ကျင်တော်လှန်နေသည့် တွန်းဇံ၊ တီးတိန်၊ ကလေးနှင့် တော်လှန်ရေးတွင်ပါဝင်လှုပ်ရှားနေသော နိုင်ငံအသီးသီးရှိခေါင်းဆောင်များက ၂၀၂၁ မတ်လ ၃၀ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယခု ၂၀၂၅ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် တည်ထောင်ခြင်း ၄ နှစ်ပြည့်ခဲ့ခြင်း ဖြစ်သည်။

မတ်လ ၃၀ ရက်နေ့က ကျင်းပသည့် PDF – Zoland ၏ စစ်ရေးပြအခမ်းအနားတွင်လည်း တော်လှန်ရေး ရဲဘော်အင်အား ၁၀၀ ကျော်ဖြင့် ကျင်းပခဲ့သည်ဟု ZFU က ရုပ်သံနှင့် ထုတ်ပြန်ထားသည်။

အင်အား ၃၀ ဝန်းကျင်ရှိသော PDF – Zoland ၏ အမျိုးသမီးရဲဘော်တပ်စိတ်တွင် အမျိုးသမီးစနိုက်ဘာ ၁၀ ဦးခန့် ပါဝင်စစ်ရေးပြခဲ့ပြီး ပခုံးထမ်းလောင်ချာများကိုလည်း တပ်စိတ်တစ်စိပ်ဖြင့် ပါဝင်ပြသခဲ့သည်ကို တွေ့ရသည်။

ဇိုးလဲန်းဒေသနှင့်အနာဂါတ်သည် ZFU/ PDF – Zoland တပ်ဖွဲ့၏ လက်ထဲတွင်ရှိနေပြီး မြို့သိမ်းတိုက်ပွဲများအတွက် လိုအပ်ချက်များကို ရဲဘော်များအနေဖြင့် ပြင်ဆင်ထားရန် စစ်ရေးပြအခမ်းအနားတွင် PDF – Zoland တာဝန်ရှိသူက ယခုလိုပြောသည်။

“ကျနော်တို့ ဇိုးလန်ဒေသမှာဆိုရင် ကျနော်တို့ ဇိုမီးရဲ့အနာဂါတ်ကို ကျနော်တို့လက်ထဲမှာပဲ ရှိတယ်။ လက်ရှိ မျက်နှာမူနေတဲ့ ငါတို့မြို့ ငါတို့သိမ်းဖို့၊ ကျနော်တို့ CB (ချင်းညီနောင်) အနေနဲ့ လက်ရှိ ဖလမ်းမြို့သိမ်းတိုက်ပွဲကို အသည်းအသန် ကြိုးစားအားထုတ်နေတဲ့ ကာလလည်းဖြစ်တယ်” ဟု PDF – Zoland တာဝန်ရှိသူက ပြောသည်။

ဆက်လက်ပြီး “ထိုနည်းအတူ ကျနော်တို့ CB ရဲ့ စစ်ဆင်ရေးအရ မြို့သိမ်းတိုက်ပွဲကို နေ့မအား၊ ညမအား ကြိုးစားအားထုတ်နေတဲ့ အချိန်ဖြစ်တယ်။ ရဲဘော်တွေအနေနဲ့ ကျနော်တို့ မြို့ကိုသိမ်းဖို့ ဘာတွေ ပြင်ဆင်ရမလဲ၊ လိုအပ်နေတာဘာလဲ စဉ်းစားဖို့လိုပါတယ်။ ငါတို့မြို့ကို ငါတို့သိမ်းပြီးသွားရင် ငါတို့ဒေသ လွတ်မြောက်သွားမှာ ဖြစ်ပါတယ်။ ချင်းပြည်နယ်ရဲ့အနာဂါတ်ဟာ ချင်းညီနောင်ရဲ့ စစ်ဆင်ရေးအပေါ်မှာလည်း အများကြီးမူတည်နေပါတယ်” ဟု အဆိုပါ PDF – Zoland တာဝန်ရှိသူက ဆက်ပြောသည်။

ပြည်တွင်း/ပြည်ပမှ ပြည်သူများအနေဖြင့် မိမိတို့ရည်မှန်းချက်များ အောင်မြင်သည်အထိ ဆက်လက်ပံ့ပိုးကူညီပေးကြပါရန်လည်း ZFU/ PDF – Zoland က မေတ္တာရပ်ခံထားသည်။

စစ်ရေး၊ နိုင်ငံရေး တိုးတက်ပြောင်းလဲမှုအပေါ် မိမိတို့လိုလားသည့် လွတ်လပ်ရေး၊ တန်းတူးရေး၊ တရားမျှတရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို အပြည့်အဝအာမခံသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင် အခြား တိုင်းရင်းသားများနှင့်အတူ လက်တွဲကာ အကောင်အထည်ဖော်သွားမည်ဟု ZFU/ PDF – Zoland ကဆိုသည်။

တော်လှန်ရေး ၄ နှစ်တာအတွင်း အသက်ပေးသွားသောသူရဲကောင်းများ၊ ခြေလက်အင်္ဂါဆုံးရှုံးသူများ၊ ပိုင်ဆိုင်မှု ဆုံးရှုံးသူများနှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သော နိုင်ငံ့ဝန်ထမ်းများကို လေးစားအသိအမှတ်ပြု ကြောင်း ZFU/ PDF – Zoland က ထုတ်ပြန်ထားသည်။

KMG ပေးပို့သည်။