တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ မောင်းမကန်နယ်မြေရဲစခန်းကို ဇန်နဝါရီ ၃၁ ရက်နေ့ မနက်အစောပိုင်းမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရသည်။
မောင်းမကန်ရဲစခန်း တိုက်ခိုက်ခံရတာကြောင့် မနက် ၆ နာရီခွဲကနေ ၇ နာရီခွဲအထိ အချိန်တစ်နာရီကျော်ကြာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီရေတပ် စစ်သင်္ဘောကလည်း လက်နက်ကြီး အဆက်မပြတ် ပစ်ကူ ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုသည်။
မောင်းမကန်ရဲစခန်းတိုက်ပွဲကြောင့် ဒေသခံများသည် ဘေးလွတ်ရာနေရာတွေနဲ့ ထားဝယ်မြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်တာတွေ ရှိနေတယ်လို့ စစ်ရှောင်ဒေသခံတွေရဲ့ ပြောပြချက်အရ သိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိခဲ့ပြီး ပြည်သူကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ စစ်ဆင်ရေးမှာပါဝင်တဲ့ PDF ရဲဘော်တစ်ဦးက ပြောပါသည်။
အလားတူ ဇန်နဝါရီ ၃၀ ရက်နေ့ကလည်း မောင်းမကန်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ လာရောက် တိုက်ခိုက်ခဲ့တဲ့အတွက် ရဲစခန်းအဆောက်အဦးတချို့ မီးလောင်ပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ၎င်းက ဆက်ပြောသည်။
ယင်းနေ့မှာပင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာ သုံးခုကို တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် အချိန် ၅ နာရီကျော်ကြာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း ပူးပေါင်းတပ်ဖွဲ့တွေထံက သိရသည် ။
မောင်းမကန်ရဲစခန်း တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီအပြင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ ဘက်က တစုံတရာ အသိပေးထုတ်ပြန်တာ မတွေ့ရှိရသေးပါ။
သံလွင်တိုင်းမ် ပေးပို့သည်