PDA တီးတိန် ကာကင်းစခန်းကို ZRA – EC က စီးနင်းတိုက်ခိုက်

By MPM 13 ဖေ‌ဖော်ဝါရီ, 2025 👁 2

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဖိုင်ဇာရွာနှင့် နယူးထားလ်မွလ်ရွာကြားက ချင်းပြည်ကောင်စီအဖွဲ့ဝင် PDA – တီးတိန်တပ်ဖွဲ့၏ ကာကင်းစခန်းတခုကို Zomi Revolutionary Army (Eastern Command) က စီးနင်းတိုက်ခိုက်ပြီး သိမ်းလိုက်သည်ဟု သိရသည်။

PDA – တီးတိန်၏ အင်အားအနည်းငယ်သာရှိသည့် ကာကင်းစခန်းတခုကို ဖေဖော်ဝါရီ ၁၂ ရက်နေ့ ညနေ ၅ နာရီခွဲ ဝန်းကျင်တွင် ZRA-EC က အင်အားအများအပြားဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

PDA – တီးတိန် ဥက္ကဌက “ကျနော်တို့ ကင်းသမားလည်း အဲဒီအချိန်မှာ သတိမထားမိတဲ့အချိန်ပေါ့နော်။ ဒီတိုက်ပွဲက နှစ်ဦးနှစ်ဖက်ထိခိုက်မှုတော့ မရှိဘူး။ သူတို့ဘက်ကတော့ မသိရဘူး။ ကျနော်တို့ဘက်တော့ ထိခိုက်ကျဆုံးမှုက မရှိပါဘူး။ သူတို့ဘယ်လိုကြောင့် လာရောက်တိုက်ခိုက်သွားသလဲဆိုတာက မသိရဘူး။ အဲဒီမှာ ကိစ္စတခုနဲ့ လူအင်အားနည်းနေတဲ့အချိန် ဖြစ်သွားတယ်” ဟု ပြောသည်။

ယင်းစခန်းကုန်းကို လာရောက်တိုက်ခိုက်ချိန်တွင် PDA -တီးတိန်က အင်အား ၃ ဦးဝန်းကျင်သာရှိပြီး ZRA-EC က အင်အား ၅၀ မှ ၈၀ ကြားဖြင့် တိုက်ခိုက်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

ယင်းသို့တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ စစ်ရေးအရ လိုအပ်လျှင်လိုအပ်သလို ပြုလုပ်သွားရန်ရှိပြီး လတ်တလော စစ်ရေးကိစ္စများကို မပြောလိုကြောင်း PDA – တီးတိန် ဥက္ကဌက ပြောသည်။

လက်နက်ခဲယမ်းတချို့နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ဆုံးရှုံးမှုရှိခဲ့ပြီး လက်ရှိ၌ ပြန်လည်စစ်ဆေးနေချိန်ဖြစ်၍ အတိအကျပြောဖို့ရန် အဆင်မပြေသေးကြောင်း ၎င်းက ပြောသည်။

ZRA – EC တပ်ဖွဲ့ဝင်များထံမှ ထွက်ပေါ်လာသော ရုပ်သံဖိုင်ထဲတွင် ယင်းစခန်းကုန်းမှ လက်နက်ခဲယမ်းတချို့နှင့် စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိသည်ကို တွေ့မြင်ရပြီး CNA နှင့် PDA – တီးတိန်တပ်ဖွဲ့ဝင်များ၏ အသုံးအဆောင်ပစ္စည်းများကိုလည်း တွေ့မြင်ရသည်။

PDA – တီးတိန်က လက်လွှတ်လိုက်ရသော ယင်းကာကင်းစခန်းကို ZRA – EC တပ်ဖွဲ့က လက်ရှိအချိန်ထိ ထိန်းချုပ်ထားခြင်း ရှိ၊ မရှိ အခြေအနေကို မြေပြင်တပ်မှူးများနှင့် အဆက်အသွယ်မရသေးဟု သိရသည်။

နွေဦးတော်လှန်ရေးကာလအတွင်း တီးတိန်နှင့် တွန်းဇံမြို့များတွင် အခြေစိုက်သော CNA အပါအဝင် ချင်းကာကွယ်ရေး တပ်ဖွဲ့ – CDF စခန်းများကို Zomi Revolutionary Army (Eastern Command) တပ်ဖွဲ့သည် မကြာခဏ စီးနင်းတိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုများ ရှိခဲ့ဖူးသည်။

Zomi Revolutionary Army (Eastern Command) ကို Pu Zo Thang က ဦးစီးပြီး ဖွဲ့စည်းထားသည့် ချင်းလက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်ကာ ဇိုမီးလူမျိုးများ အများစုနေထိုင်သော တီးတိန်ခရိုင်အတွင်း စစ်ရေးလှုပ်ရှားလျက်ရှိသည်ဟု သိရသည်။

KMG ပေးပို့သည်။