NUG ထိန်းချုပ်ထားသည့် တကောင်းမြို့ကို စစ်ကောင်စီ အပြင်းအထန် ထိုးစစ်ဆင်နေ

By MPM 14 ဖေ‌ဖော်ဝါရီ, 2026 👁 3

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ထိန်းချုပ်ထားသည့် မန္တလေးတိုင်း၊ တကောင်းမြို့ကို စစ်ကောင်စီက အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ဖေဖော်ဝါရီ လဆန်းပိုင်းမှ စတင်၍ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာရှိ အမှတ် (၁၃) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်း (တတက- ၁၃) ဘက်မှ အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး NUG တပ်စခန်းအချို့ လက်လွှတ်ထားရကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“တကောင်းဖက်ကတော့ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက – ၁၃) မှာ အင်အားစုထားတာ အတော်ကြာပြီ။ မိုးကုတ်ကို တက်ပြီးဆိုကတည်းက တကောင်းကို တက်ဖို့ ချန်ထားတာပေါ့။ အခုဆို စစ်တပ်က ရှားတော-မင်းကုံးလမ်းအတိုင်း သွားတာ။ ရှားတောနဲ့ မင်းကုံးက စခန်းတချို့ကို သိမ်းထားနိုင်တယ်” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက DMG ကို ပြောသည်။

NUG လက်အောက်ခံ PDF တပ်ဖွဲ့ကတည်း တကောင်းမြို့ကို လက်မလွှတ်ရရေးအတွက် မန္တလေးခရိုင် တပ်ရင်းတပ်ဖွဲ့များနှင့် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ (ပကဖ) အပါအဝင် ကာကွယ်ရေး အဖွဲ့ပေါင်းများက ခုခံနေကြသည်။

သို့သော်လည်း လက်ရှိတွင် မြို့တွင်း အုပ်ချုပ်ရေးအဖွဲ့များ စတင်ပြောင်းရွေ့နေကြောင်း သိရသည်။

စစ်ကောင်စီ၏ တကောင်းထိုးစစ်သည် မြေပြင်သတင်းရရှိမှုနှင့် ဒရုန်းပစ်အားကောင်းခြင်းကြောင့် အလျှင်အမြန် ရှေ့တိုးနိုင်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။

“တကောင်းဖက် ထိုးစစ်မှာ စစ်တပ်က မြေပြင်သတင်း အတိအကျရတဲ့ ပုံစံလည်း ရှိတယ်။ ဒရုန်းနဲ့ အခြေအနေကြည့်ပြီး ဒရုန်းတွေ သုံးပြီးပဲ တိုက်တာ။ ပြီးတော့မှ နောက် ၅ မိုင်အကွာလောက်ကမှ မြေပြင်တပ်တွေက လိုက်တဲ့ ပုံစံမျိုး။ အဓိကတော့ မန္တလေးတိုင်း တစ်ခုလုံးမှာ PDF တွေ မရှိအောင် လုပ်နေတာတွေ့ရတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။

စစ်ကောင်စီသည် တအာင်းတပ် TNLA လက်ထဲမှ မိုးမိတ်နှင့် မိုးကုတ်မြို့တို့ကို ရရှိပြီးနောက် မန္တလေးတိုင်းထဲမှ တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် မြို့များကို ပြန်လည်ရရှိရန် အပြင်းအထန် ထိုးစစ်ဆင်လာခြင်း ဖြစ်သည်။

လက်ရှိတွင် NUG သည် စစ်ကောင်စီထံ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့များကို ပြန်လည် လက်လွှတ်ထားရ ပြီး ၎င်းမြို့များတွင် NUG အုပ်ချုပ်ရေးနှင့် ပတ်သက်သည့် လူများကို ဖမ်းဆီးခြင်းနှင့် နေအိမ်များ ချိတ်ပိတ်ခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများက ဆိုကြသည်။

စစ်ကောင်စီသည် မန္တလေးတိုင်းတစ်ခုလုံးကို PDF ကင်းစင်နယ်မြေဖြစ်စေရန် ကြိုးပမ်းနေသော်လည်း တော်လှန်ရေးအားကောင်းသည့် မန္တလေးတိုင်းတွင် ဖြစ်နိုင်မည်မဟုတ်ဘဲ ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်မှုများ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း စစ်ရေးလေ့လာသူများက ဆိုကြသည်။

DMG