Non CDM ဝန်ထမ်း ၅ ဦးကို KNU ခေါ်ယူထိန်းသိမ်းထား

0
177

ကရင်အမျိုးသားအစည်းအရုံး – KNU တပ်မဟာ (၆) ဒူးပလာယာခရိုင်က ဇွန်လ ၂၈ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် စစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းများ အလုပ်မှနုတ်ထွက်၊ ပူးပေါင်းကြရန် သတိပေးချက်ကို မလိုက်နာသဖြင့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ ဝင်းရေးမြို့နယ်၊ ဝဲခမိကျေးရွာမှ Non CMD ဝန်ထမ်း ၅ ဦးကို ခေါ်ယူထိန်းသိမ်းထားကြောင်း KNU က ပြောသည်။

KNU တပ်မဟာ (၆) ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်တာဝန်ရှိသူတစ်ဦးက “အခုကိစ္စက ကျနော်တို့ ထုတ်ပြန်ချက်ကို သူတို့လိုက်နာမှု ရှိ၊ မရှိ အပေါ်မှာ မူတည်တယ်။ KNU ထိန်းချုပ်နယ်မြေမှာ စစ်တပ်ယန္တရား လည်ပတ်ဖို့ရာ အလုပ်မလုပ်ဖို့၊ မပတ်သက်ဖို့အတွက် ကျနော်တို့ဘက်က အချိန်မီထုတ်ပြန်တဲ့အပြင် အချိန်လည်း ပေးတယ်။ သူတို့ လိုက်နာမှုမရှိတော့ ကျနော်တို့ဘက်က အရေးယူမှုအပိုင်းပဲ ကျန်တော့တာပေါ့” ပြောသည်။

ဝင်းရေးမြို့နယ် ဝဲခမိကျေးရွာအထက်တန်းကျောင်းမှ Non CDM ကျောင်းအုပ်ဆရာကြီး အပါအဝင် ဆရာ၊ ဆရာမ ၅ ဦးကို ဩဂုတ်လ ၂ ရက်နေ့က လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့က ကျောင်းအတွင်း ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟူ၍ ဒေသတွင်း သတင်းမီဒီယာများ၌ ဖော်ပြမှုများနှင့်ပတ်သက်ပြီး အဆိုပါ KNU တာဝန်ရှိသူက ပြောဆိုခြင်းဖြစ်သည်။

KNU တပ်မဟာ (၆) ဒူးပလာယာခရိုင်၏ ဇွန်လ ၂၈ ရက်နေ့ ထုတ်ပြန်ချက်ထဲတွင် စစ်ကောင်စီ၏ ဌာနဆိုင်ရာ များနှင့် ပူးပေါင်းလုပ်ဆောင်သူများကြောင့် KNU ၏ ခရိုင်အတွင်း အုပ်ချုပ်ရေးလုပ်ငန်းဆောင်ရွက်ရေး ရှုပ်ထွေးမှု ရှိနေသဖြင့် စစ်ကောင်စီလက်အောက်မှ ဝန်ထမ်းများ နုတ်ထွက်ခြင်း၊ ပြောင်းရွှေ့ခြင်း (သို့မဟုတ်) KNU ထံ ပူးပေါင်းပေးကြရန်၊ စစ်ကောင်စီကို အားပေးကူညီသည့် လုပ်ဆောင်မှုများ မပြုလုပ်ရန်ကိုလည်း သတိပေးထားပြီး လိုက်နာမှုမရှိပါက အဆင့်ဆင့်အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြထားခြင်းဖြစ်သည်။

ထိန်းသိမ်းခံထားရသည့် Non CDM ဝန်ထမ်း (၅) ဦးမှာ ဝဲခမိကျေးရွာ အထက်တန်းကျောင်း၏ ကျောင်းအုပ်ကြီး ဦးမြင့်ဇော်ဦး၊ အထက်တန်းပြဆရာမ ဒေါ်ခင်မြတ်မြတ်ထွန်း၊ ဒေါ်ခိုင်ခိုင်မိုး၊ မူလတန်းပြဆရာ ဦးကျော်စိုးလွင်နှင့် ဦးကျော်ဘုန်းဝေတို့ဖြစ်ပြီး ၎င်းတို့ကို အရေးယူနိုင်ရေး ဆက်လက်လုပ်ဆောင်သွားမည်ဟု KNU တာဝန်ရှိသူက ဆက်ပြောသည်။

“ထုတ်ပြန်ချက်ထုတ်ပြီးတဲ့နောက် မလိုက်နာဘဲ စစ်ကောင်စီရဲ့အလုပ်ကို ဆက်လုပ်နေတဲ့ Non CDM တွေကို ကျနော်တို့ဘက်က အရေးယူမှုလုပ်ဖို့ အစီအစဉ်တွေ ချထားပြီးသားပါ။ ဒါကြောင့် ထုတ်ပြန်ချက်မလိုက်နာတဲ့ ဒေသအတွင်း Non CDM ကတော့ အရေးယူမှုအပိုင်း အဆင့်ဆင့်နဲ့ အားလုံးကို အစီစဉ်တကျသွားမှာပါ” ဟု KNU ဝင်းရေးမြို့နယ်၏ တာဝန်ရှိအမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါဝန်ထမ်းများ ယနေ့ထက်ထိ ထိန်းသိမ်းခံထားရမှုနှင့် ပတ်သက်၍လည်း ယင်းကျေးရွာတာဝန်ရှိသူများက သက်ဆိုင်ရာနှင့် သွားရောက်ညှိနှိုင်းနေပြီး ရွာအနီးနားဝန်းကျင်တွင်လည်း စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့တို့၏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။

KNLA အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းလှုပ်ရှားသည့် အဆိုပါ ဝဲခမိကျေးရွာသည် ရေး-သံဖြူဇရပ် အမှတ် (၈) ပြည်ထောင်စု ကားလမ်းမကြီးနံဘေးတွင် တည်ရှိပြီး စစ်ကောင်စီယာဥ်တန်းများ မိုင်းဆွဲ တိုက်ခိုက်ခံရမှု ဖြစ်ပွားခြင်း၊ ရွာအနီး နှစ်ဖက်တပ်အကြားတိုက်ပွဲ ဖြစ်ပွားရာတွင် လက်နက်ကြီးကူညီပစ်ခတ်မှု လုပ်ဆောင်နေသည့် စစ်ကောင်စီ၏တန်းမြှင့်သင်တန်းကျောင်း အခြေစိုက်သည့် ကျေးရွာလည်း ဖြစ်ကြောင်း သိရသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here