NMSP-AD က အကောက်အခွန်ကိစ္စကြောင့် ဆီဘောက်ဆာယာဉ်ကို မီးရှို့ဖျက်ဆီးခဲ့ဟုပြောဆို

By MPM 8 ဧပြီ, 2025 👁

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေး-သံဖြူဇရပ် ကားလမ်းမကြီးအကြားရှိ ကလိုင်ပဒေါနှင့် ရွာသာအေးကျေးရွာ အကြားတွင် အကောက်ခွန်ကြေးကိစ္စညှိနှိုင်းမှု မပြေလည်သည့် ကျော်ဆန်းစက်သုံးဆီဆိုင်မှ ဆီဘောက်ဆာယာဉ်တစ်စီးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု NMSP-AD က ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်က သံဖြူဇရပ်မြို့မှ ရေးမြို့ဘက်သို့ မောင်းနှင်လာသည့် ကျော်ဆန်းစက်ဆုံးဆီဆိုင်ပိုင် ဆီဘောက်ဆာကားတစ်စီးကို NMSP-AD အဖွဲ့တို့က အခွန်ကိစ္စညှိနှိုင်းပြောဆိုရန် တားဆီးရပ်တန့်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ ကျော်ဆန်းဆီဆိုင်မှ လုပ်ငန်းရှင်သည် နယ်မြေဖြတ်သန်းခွင့် အကောက်အခွန်ကို တကြိမ်တခါမှ မပေးဆောင်ထားသည့်အပြင် ဖုန်းဖြင့်ဆက်သွယ်ချိန်တွင်လည်း ဂရုမစိုက်ခြင်းနှင့် မထီမဲ့မြင်ပြုလုပ်သဖြင့် ကားနောက်တွဲတွင်ပါလာသည့် ဆီဘောက်ဆာကို ဘေးလွတ်ရာနေတွင် ထားရှိစေကာ ကားခေါင်းပိုင်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားက ပြောသည်။

နိုင်ကောင်းစကားက “တစ်နှစ်ကို သိန်း ၅၀ ဝန်းကျင်ကြားပေးဖို့ ကုမ္ပဏီပိုင်ရှင်နဲ့ ဆက်သွယ်နေတာရှိတယ်။ ဒါပေမဲ့ ဂရုမစိုက်ဘူး။ မပေးချင်ဘူး။ ဆိုတော့ ကျနော်တို့လူတွေက ပညာပေးတဲ့သဘောပါ၊ အန္တရာယ်မဖြစ်အောင် ဆီကို တစ်နေရာရာမှာ ချလိုက်တယ်။ ပြီးတော့ ကားခေါင်းကို ဖြုတ်လိုက်တယ်။ သွားလို့မရအောင်သဘောပါပဲ။ ဒါပေမဲ့ လုပ်လိုက်တဲ့အခါမှာ ကားကမီးလောင်သွားတယ်” ဟု ပြောသည်။

NMSP-AD က ကျော်ဆန်းဆီလုပ်ငန်းရှင်ထံ နယ်မြေဖြတ်ကျော်ခွင့် အကောက်ခွန်ကြေး ကျပ်သိန်း ၂၀၀ တောင်းခံနေသည်ဆိုသော သတင်းမှာလည်း မဟုတ်မမှန်ကြောင်းနှင့် တစ်နှစ်စာအခွန်ကြေး သိန်း ၅၀ ဖြင့် သတ်မှတ်တောင်းခံခြင်းသာဖြစ်ကြောင်း နိုင်ကောင်းစကားက ပြန်လည်တုံ့ပြန်ပြောသည်။

ထို့အပြင် ဆီဘောက်ဆာယာဉ်အပေါ်ပါလာသည့် အသက် ၄၅ နှစ်ရှိ ယာဉ်မောင်း ကိုသူရိန်ဝင်း၊ ဇနီးဖြစ်သူ ဒေါ်နော်စေးဖော်နဲ့ ကလေးငယ်နှစ်ဦး၊ အသက် ၃၀ နှစ်အရွယ် ယာဉ်နောက်လိုက် ကိုအောင်မျိုးထွန်းတို့ကို ဖမ်းဆီးထိန်းသိမ်းခြင်းမရှိဘဲ ပြန်လွှတ်ပေးခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့တို့ ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဖြတ်သန်းသွားလာနေသည့်ယာဉ်တို့ကို လုပ်ငန်းအမျိုးအစားအလိုက် အကောက်ခွန်ကြေး တောင်းခံနေခြင်းသည် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) NMSP-AD ၏ လုပ်ငန်းစဉ်ဖြစ်ကြောင်း နိုင်ကောင်းစကားက ဆိုသည်။

“ဒါက ကျွန်တော်အဖွဲ့ရဲ့ လုပ်ငန်းစဉ်ဖြစ်တယ်။ တော်လှန်ရေးလုပ်တဲ့အချိန်မှာ အကောက်ခွန်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ရသင့်တာတွေ၊ ဥပမာဆို ကျွန်တော်တို့ထိန်းချုပ်ထားတဲ့ မွန်ရွာတွေမှာ ကျွန်တော်တို့နယ်မြေကို ဖြတ်မယ်ဆို အကောက်ခွန် အသေးအမွှားကအစ ကားအသေးဆိုလည်း ကားအသေးအလိုက်၊ အကုန်လုံး ပေးကြရတာပဲလေ” ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ စက်သုံးဆီတင် နောက်တွဲယာဉ်ပေါ်တွင် ဒီဇယ်ဆီ (၁၄၀၀၀) လီတာ၊ ပရီးမီးယာ ဒီဇယ်ဆီ (၇၀၀၀) လီတာ၊ ဓါတ်ဆီ (၁၄၀၀၀) လီတာ တင်ဆောင်လာကြောင်းနှင့် MNSP-AD အဖွဲ့က စက်သုံးဆီတင် နောက်တွဲယာဉ်အား ဝဲခမိကျေးရွာဘက်သို့ ဆွဲယူလာခဲ့ပြီးနောက် စက်သုံးဆီများ ယူဆောင်သွားကြောင်းနှင့် ယင်းနောက်တွဲယာဉ်အား ဝဲခမကျေးရွာအနီးတွင် ယနေ့နံနက်ပိုင်းအချိန်အထိ တွေ့ရှိနေရကြောင်းလည်း ဒေသခံတို့ကြား ပြောဆိုလျှက်ရှိသည်။

ယင်းအပြင် ဆီဘောက်ဆာကားမီးရှို့ခံရသည့် သံဖြူဇရပ်မြို့နယ်၊ ရေး – သံဖြူဇရပ် ကားလမ်းမကြီးအကြားရှိ နယ်မြေအတွင်း လှုပ်ရှားမှုရှိနေသည့် မွန်ပြည်တော်လှန်ရေးအဖွဲ့ MSRF ကလည်း ထိုဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ဧပြီလ ၆ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

အမှတ် (၈) ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ သံဖြူဇရပ် – ရေး ကားလမ်းပိုင်းတွင် တော်လှန်ရေးအဖွဲ့အစည်းများမှ နယ်မြေစိုးမိုးမှုရယူထားပြီး မော်တော်ယာဉ်များ စစ်ဆေးခြင်းများ မကြာခဏ လုပ်ဆောင်လေ့ရှိကြောင်း ဒေသခံများပြောဆိုမှုအရ သိရသည်။

IMNA ပေးပို့သည်။