NLD လက်ထက် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်နှင့် ရန်ကုန် လဝက ဝန်ကြီး ဒေါ်မိုးမိုးစုကြည်တို့ ပြန်လွတ်

By MPM 4 မတ်, 2026 👁 4

ယခင် အရပ်သားအစိုးရလက်ထက်က နေပြည်တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်တို့ ပြန်လည်လွတ်မြောက်လာပြီဟု မိသားစုနှင့် နီးစပ်သည့် အသိုင်းဝိုင်းထံက သိရသည်။

“မိသားစုက မမိုးကိုသွားကြိုနေပြီ။ ဒေါက်တာမျိုးအောင်လည်း လွတ်တယ်။ သူ့အမျိုးသမီး သွားကြိုနေတယ်” ဟု မဇ္ဈိမ၏ သတင်းရင်းမြစ်ကဆိုသည်။

ဒေါက်တာမျိုးအောင်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် နေပြည်တော်ရှိ မြို့နယ်တချို့တွင် အထူးမြေကွက်များ ဖော်ထုတ်ခြင်း၊ မြေကွက်တချို့ကို ပုဂ္ဂလိက လုပ်ငန်းရှင်များထံ ရောင်းချခြင်းစသည်တို့ဖြင့် စွပ်စွဲထားပြီး ဒေါက်တာမျိုးအောင်ကို စစ်ကော်မရှင်က အဂတိအမှု ငါးမှုဖြင့် တရားစွဲခဲ့ခြင်းဖြစ်သည်။

ဒေါက်တာ မျိုးအောင်သည် NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (CEC) တဦးဖြစ်သလို NLD အစိုးရလက်ထက်တွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်မြို့တော်ဝန်အဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဟောင်း ဒေါ်မိုးမိုးစုကြည်ကိုလည်း စစ်ကော်မရှင်က ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် လှူဒါန်းကောက်ခံရရှိသည့် ငွေကျပ် ၁၄၇ သိန်းကျော်အနက် ငွေကျပ် သိန်း ၈၀ ကျော်ကို သုံးစွဲခဲ့ပြီး လက်ကျန်ငွေကျပ် ၆၆ သိန်းကျော်ကို ကိုယ်ကျိုးအလွဲသုံးစားခဲ့တယ်လို့ စွပ်စွဲထားသည်။

ထို့အပြင် လှည်းကူးကိုဗစ်စင်တာအတွက် ခင်မင်ရင်းနှီးသူတဦးကို အစားသောက်ပေးသွင်းခွင့်ပြုပြီး ၁၆ သိန်းတန် ဆမ်ဆောင်းဖုန်းတလုံး လက်ခံရယူခဲ့ကြောင်းလည်း စွပ်စွဲကာ အဂတိမှုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဒေါက်တာမျိုးအောင်နှင့် ဒေါ်မိုးမိုးစုကြည်တို့သည် စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ တရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခံသူတွေဖြစ်ပြီး ဒေါက်တာမျိုးအောင်က ထောင်ဒဏ် နှစ် ၂၀ ကျော် ချမှတ်ခံထားရတာကာ ဒေါ်မိုးမိုးစုကြည်သည် ထောင်ဒဏ် ရှစ်နှစ် ချမှတ်ခံခဲ့ရသည်။

တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီးခံရသူဦးရေ ၇,၃၃၇ နှင့် အခြားအမှုများဖြင့် ပြစ်ဒဏ်ကျခံနေရသူ ၂,၈၂၅ ဦး စုစုပေါင်း ၁၀,၁၆၂ ဦးကို စစ်ကော်မရှင်က လွှတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည်။

အာဏာသိမ်းစစ်ကော်မရှင်က တောင်သူလယ်သမားနေ့ အထိမ်းအမှတ် လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ပြီးနောက် ယနေ့ (မတ်လ ၂ ရက်) မွန်းလွဲပိုင်းအထိ အကျဉ်းထောင် ၁၀ ခုမှ နိုင်ကျဉ်း ၃၂၄ ဦး လွတ်မြောက်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ထားသေးသည်။

မဇ္ဈိမ