NCA အကောင်အထည်ဖော်မှုကို ပြန်လည်သုံးသပ်ရန်လိုအပ်ဟု RCSS ပြော

By MPM 15 အောက်တိုဘာ, 2026 👁 43

တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှုကို ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီးစိုင်းငင်းက ပြောဆိုလိုက်သည်။​

အဆိုပါ ပြောကြားချက်ကို  ယနေ့ (အောက်တိုဘာ ၁၅) မှ အောက်တိုဘာ ၁၆ ရက်အထိ  နေပြည်တော်ရှိ Horizon Lake View Resort Hotel တွင် ကျင်းပနေသည့် NCA စာချုပ် ၁၁ နှစ်ပြည့် အခမ်းအနားတွင် ၎င်း၏  အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးအသီးအပွင့်များကို  လက်တွေ့ ခံစားခွင့်မရသည့်အတွက် ဒေသခံလူထုများသည် NCA စာချုပ်အပေါ် ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းလာကြောင်း ၎င်း၏မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

“ငြိမ်းချမ်းရေးအသီးအပွင့်တွေ မစံစားရ၊ မခံစားရလို့ ဒေသခံလူထုအနေနဲ့ (၁၁) နှစ်သား NCA စာချုပ်အပေါ် ယုံကြည်ကိုးစားမှုတွေ လျော့နည်းကျဆင်းခဲ့ပါတယ်” ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ဆိုပြန်သည်။

အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်ရန် ကော်မတီများ ဖွဲ့စည်းထားခဲ့သော်လည်း ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ကြောင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ ရရှိလာသည့် အကျိုးကျေးဇူးများကို ပြည်သူများ ခံစားရခြင်းမရှိသည့်အတွက် NCA အပေါ် ယုံကြည်မှုလျော့နည်းလာကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

NCA လုပ်ငန်းစဉ်အရ “၂၁ ရာစုပင်လုံ” ညီလာခံကို လေးကြိမ်ကျင်းပနိုင်ခဲ့ပြီး ပြည်ထောင်စု သဘောတူစာချုပ် (Union Accord) အစိတ်အပိုင်း ၁၊ ၂ နှင့် ၃ တို့ကို လက်မှတ်ရေးထိုးနိုင်ခဲ့သော်လည်း သဘောတူညီချက်များကို လက်တွေ့အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးကြောင်း မိန့်ခွန်းတွင် ဖော်ပြထားသည်။​

၂၀၂၆ ခုနှစ် ဧပြီလ ၂၁ ရက်မှစတင်ကာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ (NSPNC) က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပါဝင်ရန် ဖိတ်ခေါ်ခဲ့သည်။

NSPNC ဘက်က NCA Plus နှင့် “Multiple Entry–One Process” ပုံစံတို့ဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ချဉ်းကပ်နေသော်လည်း NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ မဟာမိတ်အစုအဖွဲ့ (NCA-S EAO 7 EAO Alliance) ဘက်က NCA ၏ အနှစ်သာရနှင့်အညီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းနေကြောင်း သိရသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်အောင်မြင်စေရန် ငြိမ်းချမ်းရေးရရှိလိုသည့် နိုင်ငံရေးဆန္ဒ၊ တိကျရှင်းလင်းသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မူဝါဒ၊ အပြန်အလှန်ဖြေလျှော့မှုများနှင့် တည်ငြိမ်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ယန္တရားတို့ လိုအပ်ကြောင်းလည်း ဗိုလ်မှူးကြီးစိုင်းငင်းက တိုက်တွန်းထားသည်။

ထို့အပြင်  တန်းတူညီမျှမှုနှင့် အပြန်အလှန်လေးစားမှုရှိခြင်း၊ အလွတ်သဘော ဆွေးနွေးပွဲများပြုလုပ်ခြင်း၊ ဆွေးနွေးမည့်နေရာသတ်မှတ်ခြင်း၊ လူထုနှင့် သက်ဆိုင်သူများ ပါဝင်ခွင့်ရရှိခြင်း၊ နိုင်ငံတကာအသိုင်းအဝိုင်း၏ အခန်းကဏ္ဍနှင့် သတင်းမီဒီယာ၏ ကူညီပံ့ပိုးမှုတို့ လိုအပ်ကြောင်း ၎င်းက ဆက်လက်တိုက်တွန်းထားသည်။

အဆိုပါ အခမ်းအနားသို့ NSPNC ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် ကော်မတီဝင်များ၊ အကြံပေးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊  ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်သူများ၊ NCA လက်မှတ်ရေးထိုးထားသည့်နှင့် လက်မှတ်မရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် မိတ်ဖက်အဖွဲ့အစည်းများအပါအဝင် လူဦးရေ ၁၆၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

NCA ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈) ဖွဲ့ဖြစ်သည့် (ALP, ABSDF, CNF, DKBA, KNU, KNU/KNLA-PC, PNLO, RCSS) တို့ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ၁၁ နှစ် ပြည့်မြောက်ပြီဖြစ်သည်။

သျှမ်းသံတော်ဆင့်