NCA ကို စွန့်လွှတ်ပြီး စုစုစည်းစည်းတိုက်ပွဲဝင်ရန် မွန်လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို PSLF/TNLA တိုက်တွန်း

By MPM 20 ဩဂုတ်, 2024 👁

ပကတိအခြေအနေနှင့် ကင်းကွာနေသည့် အပစ်ရပ်စာချုပ် NCA ကိစ္စကို စွန့်လွှတ်ပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေကြသည့် မွန်လက်နက်ကိုင်အဖွဲ့အစည်းအားလုံး အပြည့်အဝတိုက်ပွဲဝင်ရန် လိုအပ်သည်ဟု ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တွဲဖက်အတွင်းရေးမှူး (၂) တာပန်လက ပြောဆိုသည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီက စီစဉ်ကျင်းပသည့် သြဂုတ်လ ၁၉ ရက်နေ့တွင် ကျရောက်သော (၇၇) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အွန်လိုင်းအခမ်းအနားတွင် PSLF/TNLA ခေါင်းဆောင်တစ်ဦးဖြစ်သူ တာပန်လက ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။

နိုင်ငံတဝှမ်း စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်နေသည်မှာ ခရီးတစ်ဝက်အထိ ပေါက်နေသော်လည်း မွန်ဒေသအတွင်း တော်လှန်ရေးလူငယ်တို့ နှောင့်နှေးနေဆဲဖြစ်ပြီး နိုးကြွရန် လိုအပ်နေသည်ဟုလည်း ၎င်းကဆိုသည်။

PSLF/ TNLA တွဲဖက်အတွင်းရေးမှူး (၂) တာပန်လက “ဒီတော်လှန်ရေးထဲမှာ လူငယ်လူရွယ်တွေ အများကြီး ပါလာတဲ့ချိန်မှာ ကျွန်တော်တို့ညီနောင်တွေတော့ မွန်တွေက နည်းနည်းနှောင့်နှေးနေတယ်လို့ ပွင့်ပွင့်လင်းလင်း ပြောကြားသွားမှာ ဖြစ်ပါတယ်။ လူငယ်တွေ လူရွယ်တွေ လူလတ်တွေလည်း နည်းနည်းနှောင့်နှေး နေကြသလို ကျွန်တော်တို့ရဲ့ မိခင်အဖွဲ့အစည်းဖြစ်တဲ့ လူကြီးတွေလည်း ပကတိအခြေအနေနဲ့ နည်းနည်းကင်းကွာ ပြီးတော့ NCA ကို လက်မလွှတ်နိုင်သေးတဲ့ အနေအထားရှိနေတယ်” ဟု ပြောသည်။

ဆက်လက်ပြီး ၎င်းက “အခုလိုမျိုးနိုင်ငံက ပြောင်းလဲဖို့သွားနေပြီး လမ်းတစ်ဝက်လည်း တော်တော်လေးကို ရောက်နေတဲ့ အခြေအနေမျိုးမှာ NCA ဆိုတာက ကျွန်တော်တို့တွေ စွန့်လွှတ်ပြီးမှ တော်လှန်ရေးထဲမှာ အပြည့်အဝ ပါဝင်မယ်ဆိုရင် ကျွန်တော်တို့တွေ အင်မတန်မှပဲ အခွင့်အလမ်းကောင်း အခြေအနေလို့ မှတ်ယူရမှာဖြစ်ပါတယ်” ဟု ဆိုသည်။

ယင်းအပြင် မွန်ပြည်သစ်ပါတီမှ ခွဲထွက်လာသည့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD တို့အပြင် မိခင်ပါတီဖြစ်သည့် မွန်ပြည်သစ်ပါတီနှင့် တော်လှန်ရေးအဖွဲ့အစည်းအားလုံး တော်လှန်ရေးတွင် တစုတစည်းတည်းပါဝင်ပြီး တိုက်ပွဲဝင်မှသာ မိမိတို့လိုအပ်သည့် မွန်ပြည်တစ်ခု အကောင်ထည်ဖော်နိုင်မည် ဟုလည်း PSLF/ TNLA တွဲဖက်အတွင်းရေးမှူး (၂) တာပန်လက ပြောသည်။

တအောင်း/ပလောင်တို့ထက် ခိုင်မာသည့် နောက်ခံသမိုင်းအကြောင်း၊ ပညာရေး အရည်အချင်း၊ လူဦးရေနှင့် စီးပွားရေးပိုင်ဆိုင်မှု အခြေအနေသာလွန်နေသည့် မွန်လူမျိုးတို့သည် တော်လှန်ရေးဘက် တစိုက်မတ်မတ် မလုပ်ဆောင်နေသေးသည့် အခြေအနေတွင် ရှိနေသည်ဟုလည်း ၎င်း၏အမြင်ကို ထည့်သွင်းပြောဆိုသွားသည်။

တာပန်လက “မွန်တွေ လုပ်နေတာတွေက အရာမထင်သေးပါဘူး။ အောင်မြင်မှု လက်စုပ်လက်ကိုင် မပြနိုင်သေးဘူးလို့ ကျွန်တော်မြင်ပါတယ်။ စုစုစည်းစည်း လုပ်ကြပါ။ စုစည်းဖို့ လိုအပ်ပါတယ်။ လူကြီးတွေတော့ အထိုက်အလျောက် သူတို့တာဝန်ကျေခဲ့ပြီ။ အသက် ၄၀ အောက် ၃၅ လူရွယ်တွေကတော့ အလုပ်ကောင်းကောင်း မလုပ်နေကြသေးဘူး။ အဲ့လိုမျိုး အနေအထိုင်ကနေ ကျွန်တော်တို့ရုံးထွက်မှ ကျွန်တော်တို့ ပြန်လည်ထူထောင်ရေး ပြန်လည်တည်ဆောက်ရေးမှာ အပြည့်အဝပါဝင်ကြဖို့ တိုက်တွန်းလိုပါတယ်။ ထကြပါ။ လှုပ်ရှားကြပါ။ တော်လှန်ကြပါ” ဟု ပြောသည်။

ဆက်လက်၍ “အခုချိန်သည် အကောင်းမွန်ဆုံး အခွင့်အခါ အကောင်းဆုံးအချိန် ဖြစ်ပါတယ်လို့ ပြောကြားရင်း နိဂုံးချူပ်ပါတယ်။ စုစုစည်းစည်း လုပ်ကြပါ။ ကျွန်တော်တို့ တအာင်း/ပလောင်/ဝညီအစ်ကိုတွေ မွန်တို့နဲ့ အမြဲတမ်း တူတူရှိနေပါတယ်။ ထကြပါ။ ထကြလော့ ထပြီးမှလှုပ်ရှားကြရအောင် တိုက်ကြရအောင် မွန်ပြည်ကို ပြန်လည် ထူထောင်ကြရအောင်” ဟု PSLF/ TNLA တွဲဖက်အတွင်းရေးမှူး (၂) တာပန်လက ဆိုသည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က ကျင်းပသည့် (၇၇) ကြိမ်မြောက် မွန်တော်လှန်ရေးအခမ်းအနားကို အွန်လိုင်းပုံစံဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး သံဃာတော်များ၊ နယ်ပယ်အသီးသီးမှ နိုင်ငံရေးအဖွဲ့အစည်း တာဝန်ရှိသူများ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ အမျိုးသမီးများနှင့် လူငယ်များအပါအဝင် (၈၅) ဦးထက်မနည်း တက်ရောက်ခဲ့ကြသည်။

အဆိုပါအွန်လိုင်းအခမ်းအနားတွင် သဘာပတိကြီးနှင့်ခေါင်းဆောင်များ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီမှ ခေင်းဆောင်တစ်ဦး၊ အမျိုးသားညီညွတ်ရေးအစိုးရမှ ပြည်ထောင်စုဝန်ကြီး၊ PSLF/TNLA မှ ခေါင်းဆောင်တစ်ဦး၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) မှ ခေါင်းဆောင်တစ်ဦး အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များ ဂုဏ်ပြုမိန့်ခွန်းပြောခြင်း၊ သဝဏ်လွှာဖတ်ကြားခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

IMNA ပေးပို့သည်။